Monday, October 28, 2013

မေမြို့ သို့မဟုတ် ပြင်ဦးလွင် ဓမ္မစကူးလ်

မေမြို့မှာ ဓမ္မစကူးလ် ဆင့်ပွားဆရာဖြစ် သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျင်းပမှာမို့ ၂၄ ရက်နေ့ အရောက်သွားခဲ့ပါတယ်။

ဆင့်ပွားသင်တန်းကို ဦးဆောင်တာဝန်ယူကြတဲ့ ကိုအောင်မိုးသိန်းနဲ့ သူ့ဇနီး မဌေးဌေးခိုင်

Tuesday, October 22, 2013

ထိခြင်းငါးပါး

ထောက်ကြန့် ဓမ္မပါရဂူကျောင်းတိုက်မှာ တနင်္ဂနွေနေ့ဆိုရင် ဓမ္မစကူးလ်ကလေးတွေ (၄၅) ယောက်လောက် စာသင်ပေးပါတယ်။ ကလေးတွေအတွက် ဘုရားဖူးသွားခြင်း သင်ခန်းစာကို စာအုပ်ထဲမှာ ထည့်သွင်းထားတာ ရှိတယ်။ နောက်တစ်ပတ် တနင်္ဂနွေနေ့ဆိုရင် ကလေးတွေကို ရန်ကုန်မှာ ရှိတဲ့ ရွှေတိဂုံစေတီ၊ ကျောက်တော်ကြီးဘုရား၊ ကမ္ဘာအေးစေတီ၊ မဟာပါသာဏလိုဏ်ဂူနဲ့ စွယ်တော်မြတ်စေတီတော်ဆီကို ဘုရားဖူးလိုက်ပို့ဖို့ စီစဉ်ထားပါတယ်။ အသုံးစရိတ် ရှာရတဲ့ဒုက္ခ၊ ကားရဖို့ဆက်သွယ်ရတဲ့ဒုက္ခ၊ စားသောက်ဖွယ်စီစဉ်ရတဲ့ဒုက္ခ..တွေကလည်း မနည်းလှဘူး။ ကလေးတွေကို အပျော်ခရီးထွက်တဲ့ပုံစံ မဖြစ်စေဘဲ ရောက်တဲ့နေရာတိုင်းမှာ ကုသိုလ်စိတ်နဲ့ နေနိုင်အောင် လေ့ကျင့်ပေးတဲ့လုပ်ငန်းစဉ်တစ်မျိုးဖြစ်အောင် ကြိုးစားကြည့်တဲ့သဘောပါ။ ဘုရားဖူးတတ်အောင်ရယ်၊ အုပ်စုဖွဲ့ဘုရားကန်တော့တတ်အောင်၊ ဘုရားဖူးတဲ့အခါ ပန်း ရေချမ်းကပ်လှူတတ်အောင် ကြိုတင်သင်ပေးထားရပါတယ်။
ဆရာမဒေါ်တင်တင်ဝင်း၊ ဆရာမ ၀ါဝါထွေး၊ ဆရာမ ဆုမြတ်ချယ်တို့က လက်တွေ့ဆိုခိုင်းကြည့်တယ်၊ ကန်တော့ခိုင်းကြည့်တယ်၊ ပြင်ဆင်ပေးစရာကို ပြင်ဆင်ပေးကြတယ်။ 

ဆရာမဒေါ်တင်တင်ဝင်းက ဘုရားရှိခိုးတဲ့အခါမှာ ခြေလက်နဖူးတတောင်ဒူးဆိုတဲ့ ထိခြင်းငါးပါးနဲ့ ညီအောင် သင်ပြပေးနေတာကိုကြည့်ပြီး....

တာဝတိံသာနတ်ပြည်ကို ကြွရောက်သွားတဲ့ အရှင်မောဂ္ဂလ္လာန်မထေရ်ကို နတ်သားတစ်ဦးက မိမိရဲ့ဘုံဗိမာန်ထဲကထွက်ပြီး အရှင်မြတ်ကို ထိခြင်းငါးပါး(ပဉ္စပတိဋ္ဌိတ)နဲ့ ရှိခိုးတယ်..ဆိုတဲ့ အဋ္ဌကထာ ဖွင့်ဆိုချက်ကို သတိရသွားပါတယ်။

(တေန သမယေန အာယသ္မာ မဟာမောဂ္ဂလ္လာနော ဟေဋ္ဌာ ၀ုတ္တနယေနေ၀ ဒေ၀စာရိကံ စရန္တော တာဝတိံသဘ၀နံ ဥပဂတော။ တသ္မိံ စ ခဏေ အညတရော ဒေ၀ပုတ္တော အတ္တနော ၀ိမာနဒွါရေ ဌိတော အာယသ္မန္တံ မဟာမောဂ္ဂလ္လာနံ ဒိသွာ သဥ]္ဇာတဂါရ၀ဗဟုမာနော ဥပသင်္ကမိတွာ ပဉ္စပတိဋ္ဌိတေန ၀န္ဒိတွာ ပဂ္ဂယှ အဋ္ဌာသိ။ ၀ိမာန၀တ္ထု အဋ္ဌကထာ၊ ၃၃၁)
အဲဒီတော့ နတ်တွေဟာ ထိခြင်းငါးပါးနဲ့ပြည့်စုံညီညွတ်အောင် ရှိခိုးကြပါသလား၊ ဘယ်လိုမျိုး ရှိခိုးကြပါသလဲလို့ စဉ်းစားမိပါတယ်။
 
ထိခြင်းငါးပါး(ပဉ္စပတိဋ္ဌိတ) ဆိုတာနဲ့ပတ်သက်လို့ သီလက္ခန် ဋီကာသစ်ဆရာက

(ပါဒ ဇာဏု ကပ္ပရ ဟတ္ထ သီသသင်္ခါတာနိ ပဉ္စ အင်္ဂါနိ သမံ ကတွာ သြနာမေတွာ အဘိမုခံ ဌိတေန ပဌမံ ၀န္ဒိတွာတိ ၀ုတ္တံ ဟောတိ။) ခြေ.ဒူး.တတောင်.လက်.ခေါင်း လို့ ဖွင့်ဆိုထားတာမို့ အဲဒီဖွင့်ဆိုချက်ကိုပဲ အတည်စွဲမှတ်ယူနေပြီး မြန်မာပြည်မှာတော့“ခြေ၊လက်၊နဖူး၊တတောင်၊ဒူး” အင်္ဂါငါးပါးနဲ့ ညီအောင် ရှိခိုးကြတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ 

 အနှီအကြောင်းကြောင့် (၁) ၀ိနည်းလာ ပဉ္စပတိဋ္ဌိတက အများလက်ခံတဲ့ ပဉ္စပတိဋ္ဌိတနဲ့ မတူဘူး ဒါကို သတိပြုမိစေချင်တာရယ်.... (၂)၀ိနည်းဒေသနာအတိုင်း ပဉ္စပတိဋ္ဌိတကို ယူမယ်ဆိုရင်လည်း လက်နှစ်ဖက်ဖြင့်ခြေကိုထိခြင်း ဆိုတဲ့အင်္ဂါဟာ အဝေးမှာရှိတဲ့သူကို ရှိခိုးရင် ဘယ်လိုမှ ပြည့်စုံမှာ မဟုတ်ဘူး၊ လက်ကန်တော့တင်ခြင်းဆိုတဲ့အင်္ဂါဟာလည်း ရဟန်းအတွက် ထင်ရှားပေမယ့် နတ်တွေအတွက်ဆို ပြည့်စုံဖို့ ခက်နေမယ် ဆိုတာကိုလည်း သတိပြုမိစေချင်တာရယ်...၊ (၃) ၀န္ဒနာ စေတ္ထ ပဏမနာ အဥ]္ဇလိပဂ္ဂဟဏကရပုဋသမာယောဂေါ။ ပဉ္စပတိဋ္ဌိတေန ၀န္ဒိတွာတိ စ ကာယပဏာမော ၀ုတ္တော ဆိုတဲ့ သီလက္ခန်ဋီကာသစ် ပဉ္စပတိဋ္ဌိတအရကောက်ပုံကို သဘောကျမိနေတာရယ်...အဆိုပါအကြောင်းများကြောင့် နတ်တွေရဲ့ ပဉ္စပတိဋ္ဌိတကို စိတ်ဝင်စားနေမိကြောင်းပါ အရှင်ဘုရားတို့.။
နတ်တွေခမျာ နတ်ဝတ်နတ်စားနဲ့ ဘယ်ပုံဘယ်နည်း ထိခြင်းငါးပါးနဲ့အညီ ရှိခိုးကြပါလိမ့်ဟု စဉ်းစားကြည့်နေမိပါတယ်။

ကိုးကားကျမ်းညွှန်း။
ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ။


Thursday, October 17, 2013

ဆောက်လုပ်ဆဲ ဓမ္မာရုံ အလှူရှင်များ

ဆောက်လုပ်နေဆဲ ဓမ္မာရုံအတွက် လှူဒါန်းထားကြသော အလှူရှင်စာရင်းကို ၀မ်းမြောက်ဖွယ်ရာအဖြစ် ဖော်ပြအပ်ပါသည်။ (ဤဓမ္မာရုံထဲတွင် ဆွမ်းစားခြင်း၊ အပတ်စဉ် ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချခြင်းနှင့် အလှူပွဲများကျင်းပနိုင်ရန်အတွက် ကျောင်းဒါယိကာမကြီး ဒေါ်ရှုလွမ်က မတည်ထားခြင်း ဖြစ်ပြီး စုပေါင်းကုသိုလ်အဖြစ် ဆောက်လုပ်မည့်ဓမ္မာရုံဖြစ်ပါသည်။)
  • ၁။ (ဦးလှမြင့်) ဒေါ်ရှုလွမ်၊ လသာ                                  ၃၇၀၀၀၀၀ ကျပ်
  • ၂ ။ဒေါ်ယဉ်ယဉ်  (အကူလေး) လသာ                              ၅၀၀၀၀၀ ကျပ်
  • ၃။ ကိုဝေဖြိုး+မနုနုအောင် သင်္ဃန်းကျွန်း                           ၅၀၀၀၀၀ ကျပ်
  • ၄။ ဦးကျန်ဆောင် မိသားစု၊ ၂၇ လမ်း                               ၃၀၀၀၀၀ ကျပ်
  • ၅။ (ဦးတင်ဦး၊ဒေါ်တင်အုန်း၊ဦးသိန်းအောင်)ရည်စူး၍ မဒေစီ  ၁၃၀၀၀၀ ကျပ်
  • ၆။ မမြမြကြည် စမ်းချောင်း                                           ၁၀၀၀၀၀ ကျပ်
  • ၇။ ဒေါ်စန်းရင်ကြူ ထောက်ကြန့်                                     ၁၀၀၀၀၀ ကျပ်
  • ၈။ မိဘအဒေါ်တို့အားရည်စူး၍ ဒေါ်လွင်လွင်သန်း                ၁၃၅၀၀ ဘတ်
  • ၉။ ဒေါ်မွေ့                                                                 ၃၀၀၀၀၀ ကျပ်
  • ၁၀။မွန်မွန်+ဘိုဘိုဇော်                                                  ၁၂၅၀၀၀ ကျပ်
ပစ္စည်းအလှူ
ဒေါ်စန်းရင်ကြူ မိသားစု ထောက်ကြန်မှ ဂျပန် အလူဇင့် အမိုးပြားများ လှူဒါန်းထားပါသည်။

စိတ်သာရှင်စော ဘုရားဟောမို့


သတင်းထဲမှာ
ကောင်းတာက နည်းနည်း။

ကြားနေရတာက
မူးယစ်ဆေးတွေ ဖမ်းမိတယ်...
စိတ်ကြွဆေးတွေ ဖမ်းမိတယ်...
လူသတ်မှုတွေ ဖတ်ရတယ်...
မုဒိန်းမှုတွေ ဆက်တိုက်ပါတယ်...
လယ်လုပ်သူ လယ်ယာမဲ့တယ်..
အကျင့်ပျက်သူ ပေါလာတယ်...
ဗုံးဖောက်တာတွေ မနည်းတော့ဘူး...
အွန်လိုင်းမှာ အပြိုင်အဆိုင် အပုတ်ချနေတာ..
နယ်စပ်မှာ သူသေကိုယ်သေ တိုက်နေကြတာ..
မကြားချင်အဆုံး လိမ်တာ ညာတာ လှည့်ပတ်တာ..
ကြိုးနီစနစ်မှ ကြိုးကိုင်စနစ်ကို ကူးပြောင်းတာ...

အဲဒီ စုံစီနဖာ မကောင်းမှုတွေအတွက်
ဆေးမီးတိုနဲ့ မကုစားနိုင်ဘူး။
လူတွေရဲ့
Mind set ကို အမြန်ဆုံး ပြုပြင်မှ အခြေလှမယ်။

မြတ်ဗုဒ္ဓကဟောခဲ့ပါတယ်..
စိတ္တေန နီယတေ လောကော. တဲ့။

စိတ်ဓာတ်ကိုပြုပြင်မှ အဆင်ပြေမယ်ထင်ပါရဲ့။
စိတ်ဓာတ်ကိုပြုပြင်တဲ့ စနစ်များ လိုအပ်နေတယ်ထင်ပါရဲ့။
စိတ်ဓာတ်ကိုပြုပြင်ပေးတဲ့ ပုဂ္ဂိုလ်များ တိုးပွားသင့်တယ်ထင်ပါရဲ့။
စိတ်ဓာတ်ကိုပြုပြင်ပေးဖို့ အချိန်အများကြီး စောင့်ရဦးမယ်ထင်ပါရဲ့။

ငါ့ဘ၀ နေမကွယ်ခင် ဒီနိုင်ငံ...ဒီလူ့အဖွဲ့အစည်းကို
တည်ငြိမ်အေးချမ်းတဲ့လူဘောင်တစ်ခုအဖြစ် မြင်ချင်စမ်းပါတယ်။

Sunday, October 13, 2013

အထာ နဲ့ သဘာ

ဆရာ ဆိုတာ
အထာ သိဖို့လည်း လိုအပ်တယ်။
သဘာ ရှိဖို့လည်း လိုအပ်တယ်။


တကယ်တော့ ဆရာ မှ မဟုတ်ပါဘူး။ အားလုံးဟာ မိမိကျင်လည်ရာဘ၀မှာ အထာ မသိသူများဟာ အခက်အခဲနဲ့ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်လုပ်ငန်းအထာ ကိုယ်မသိရင် ခက်တယ်။ ကိုယ်နဲ့ ဆက်စပ်နေသူရဲ့အထာကို မသိရင် ခက်တယ်။


၂၀၁၃ ခုနှစ် ကထိန်ဖိတ်စာ

ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက်၏ တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ၌ ပင့်သံဃာတော် (၂၄)ပါးတို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါ၍ တရားနာကုသိုလ်ယူ ကြွရောက်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ၁၃၇၅-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၇)ရက်၊ (၉-၁၁-၂၀၁၃)၊ စနေနေ့။
အချိန် ။ မနက်(၉)နာရီမှ (၁၂)နာရီ အထိ။
နေရာ ။ ထောက်ကြန့်မြို့၊ တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက်။
           (ထောပတ်ထမင်းဖြင့် ဧည့်ခံပါမည်။)

အကျိုးဆောင်အဖွဲ့
ဓမ္မပါရဂူကျောင်းတိုက်

ဒုတ်ကိုကြောက်သလား....ငါ့ကိုကြောက်သလား?


မအူပင် ဓမ္မစကူးလ် ဆရာဖြစ်ဆင့်ပွားသင်တန်းဖွင့်ပွဲ(ဇွန်လ ၁၄ ရက်)အတွက် လေးအိမ်စုဆရာတော်နဲ့ မိုးထဲရေထဲ အတူသွားရင်း မဆီမဆိုင် ငယ်ငယ်တုန်းက အဖြစ်ကို သတိရနေတယ်။
အခုလို မိုးရေထဲမှာ ဘောလုံးကန်နေတာ ကြာနေလို့ အမေက ၀ါးခြမ်းပြားကိုင်ပြီး လိုက်လာတယ်။
အနားရောက်တော့ လက်ကိုဆွဲ.. ၀ါးခြမ်းပြားနဲ့ ရိုက်ဖို့ရွယ်ပြီး အမေက
“ဒုတ်ကို ကြောက်သလား... ငါ့ကို ကြောက်သလား”လို့ မေးတယ်။
အမေးရှိတော့ အဖြေပေးရတာပေါ့။ 

ခပ်သွက်သွက်လေးပဲ 
”ဒုတ်ကို ကြောက်တယ်”လို့ အဖြေပေးလိုက်တယ်။ 
ဒီအဖြေကို သဘောကျဟန် မတူလို့ 
“အော်..နင်က ငါ့ကို မကြောက်ဘူးပေါ့” ဆိုပြီး 
ရိုက်ဖို့ ပြင်တော့တာပါပဲ။ 
အဲဒီတော့ အသားနဲ့ဒုတ်နဲ့ နှစ်ပါးမသွားခင် ခပ်မြန်မြန်လေး 
“အမေ့ကိုလည်း ကြောက်တယ်”လို့
အော်လည်းအော် ဒုတ်ရောလူရော လှုပ်မရအောင် သိမ်းဖက်ထားခဲ့ဖူးတယ်။
 

အမှန်ပြောရရင် အဲဒီတုန်းက ဒုတ်ကိုလည်း မကြောက်သလို အမေ့ကိုလည်း မကြောက်ခဲ့ပါဘူး။ ဟုတ်တယ်လေ၊ ဒုတ်က သူ့ဖာသာသူနေတာ ဘာ ကြောက်စရာလိုလို့လဲ။ 
အမေကလည်း စိတ်ဆိုးတုန်းခဏပဲ..ကြောက်စရာ မကောင်းပါဘူး။
တကယ်ကြောက်တာက အသားနာတဲ့ဒုက္ခကို ကြောက်တာ ဖြစ်မှာပါ။
 

အခုလို အသက်အရွယ်ရောက်လာတော့ အသားနာတဲ့ဒုက္ခထက် ကြောက်စရာကောင်းတဲ့ အိုရခြင်းဒုက္ခ..နာရခြင်းဒုက္ခ...သေရခြင်းဒုက္ခကို ကြောက်လာသလို ခံစားနေမိတယ်။ 
ခက်တာက ဒီဒုက္ခတွေဖြစ်အောင် ဘယ်သူကမှ လာပြီး လုပ်တာ မဟုတ်ပါဘူး။ 
ဘယ်သူကမှ လာပြီး ရိုက်တာလည်း မဟုတ်ဘူး။
စဉ်းစားမိပါရဲ့... 

ဒုတ်ကိုပဲ ကြောက်တယ်ပြောပြော...
အမေ့ကိုပဲ ကြောက်တယ်လို့ဖြေဖြေ...
နှစ်ခုစလုံးကို ကြောက်တယ်လို့ ဆိုဆို..
အရိုက်ခံရတဲ့ဘေးကလွတ်အောင် 
ငယ်ငယ်တုန်းက
ဒုတ်ကိုရော..အမေ့ကိုရော လှုပ်မရအောင် ဖက်ထားရသလိုမျိုး....
တစ်ခုခုကိုတော့ ဖက်ထားဖို့ လိုလိမ့်မယ်ထင်တယ်။


ကိုယ်နဲ့ တန်ရာတန်ရာ လျော်ကန်သင့်မြတ်တဲ့
တရားတစ်ခုကို မဖြစ်မနေ ဖက်တွယ်ထားဖို့ လိုလိမ့်မယ်လို့ စဉ်းစားမိပါတယ်။