Thursday, August 22, 2013

ထိုင်ဝမ်ခရီးစဉ် မှတ်တမ်း

ထိုင်ဝမ်ခရီးစဉ် မှတ်တမ်း (၁)
သာသနာ့တက္ကသိုလ်က နတ်တော်လမှာ စဖွင့်ပါတယ်။ အလုပ်များတဲ့ကျောင်းဖွင့်ချိန်မှာ ထိုင်ဝမ်ကိုသွားဖို့ အကြောင်းဖန်လာတယ်။ ထိုင်ဝမ်မှာ နှစ်စဉ်ကျင်းပတဲ့ ရွှေလုဖာဝှေ့ အကျွတ်အလွတ်ပွဲမှာ မြန်မာဘုန်းကြီးများလည်း တက်ရောက်ပြီး ဒီပွဲရက်အတွင်း ပရိတ်နဲ့ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပေးပြီး အမျှဝေပေးဖို့ လျှောက်ထားလာပါတယ်။

ဒီပွဲကို တက်ရောက်ဖို့ ၂၀၁၀၊၂၀၁၁၊၂၀၁၂ တုန်းကလည်း စီစဉ်ခဲ့ဖူးပေမယ့် အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒီနှစ်လည်း ပျက်မလို ပျက်မလိုနဲ့ ဖြစ်သွားတဲ့ခရီးစဉ်ပါ။

ပင့်လျှောက်ရေးအဖွဲ့က ထေရဝါဒဆရာတော် ၅ ပါး ကြွရောက်ဖို့ရွေးလိုက်တော့ မိမိနဲ့အတူ ဒုတိယပါမောက္ခချုပ် ဦးကုမာရ၊ မန္တလေးက ဦးကုမုဒ၊ ကျိုက်ထိုက ဦးကောသလ္လ၊ ဦးဝိမလာစာရတို့ကို ပါဝင်ပါတယ်။ နောက်တစ်ပတ်ကြာတော့ ဦးစန္ဒသိရီကို ထပ်ပင့်ဖြစ်တယ်။ မိမိကို ပရိတ်ပဋ္ဌာန်းပွဲစီစဉ်သူအဖြစ် ထိုင်ဝမ်ဘက်က ရုံးအဖွဲ့နဲ့ မြန်မာပြည်ကျောင်းထိုင်ဆရာလေးဖာလင်ရှိတို့က တာဝန်ယူခိုင်းတာကို လက်ခံလိုက်ပြီး သြဂုတ်လ ၇ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမယ့်ပွဲအတွက် အစီစဉ်အသေးစိတ် ရေးဆွဲပါတယ်။ ဒီကြားထဲ ခမည်းတော်ကြီးကျန်းမာရေးအခြေအနေကြောင့် ချန်နေရစ်မယ်လို့ စီစဉ်တော့ ပွဲပျက်မလိုတောင်ဖြစ်သွားသေးတယ်။ ပွဲကိုစီစဉ်ရာမှာ မိမိဖက်က ထေရဝါဒယဉ်ကျေးမှုဓလေ့ထုံးစံနဲ့အညီ စီစဉ်တာကိုလက်ခံပေးဖို့ ကြိုတင်တောင်းဆိုထားတာမို့ အဆင်ပြေပါတယ်။ နောက်ပိုင်းမှာ မမျှော်လင့်ပဲအခြေအနေပေးလာလို့ အင်္ဂလိပ်စာဌာနမှူးဦးတေဇနိယ၊ဦးမာဃဝ၊ဦးဝိဇ္ဇာနန္ဒ၊ဦးမာလာသီရိတို့ကို ထပ်ပင့်လိုက်ပါတယ်။ ဒီတော့ ၁၀ပါးဖြစ်သွားပြီး စကားပြန်ကပ္ပိယ ကိုမောင်အေးနဲ့ မကြူကြူစန်းအတူ ထိုင်ဝမ်ကို သွားဖို့ အားလုံး အဆင်သင့် ဖြစ်နေပါပြီ။


မှတ်တမ်း (၂)
မြန်မာပြည်ဟာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး One China Policy ကိုကျင့်သုံးနေဆဲဖြစ်တာမို့ ထိုင်ဝမ်သံရုံးဟာ မြန်မာပြည်မှာ မရှိပါဘူး။ ဘန်ကောက်မှာပဲ ရှိပါတယ်။ ဒီတော့ ထိုင်ဝမ်ဗီဇာရဖို့အတွက် ထိုင်းဗီဇာကို အရင်ယူထားရပါတယ်။ ဖိတ်ခေါ်စာရယ်၊ သာသနာရေးထောက်ခံစာရယ်၊ လေယာဉ်လက်မှတ်ရယ် လိုအပ်တာမို့ အားလုံးကိုကြိုတင်စီစဉ်ထားရပါတယ်။ ဖိတ်ခေါ်စာနဲ့ သာသနာရေးထောက်ခံစာက အဆင်ပြေပြီးသားပါ။ လေယဉ်လက်မှတ်က အင်တာနက်လိုင်းတွေ အဆင်မပြေလို့ နည်းနည်းကြံ့ကြာနေတယ်။ အသွားကို ရန်ကုန်-ဘန်ကောက် TG-၊ ဘန်ကောက်-ထိုင်ပေ China Airline ။ အပြန်ကို ထိုင်ပေ-ရန်ကုန်တိုက်ရိုက် China Airline နဲ့ စီစဉ်ကြတယ်။ သြဂုတ် ၂ ရက်နေ့ဘန်ကောက်ကို ထွက်၊ သံရုံးကို တန်းဝင်ကြတယ်။ ထိုင်းမှာ ရှိတဲ့တရုတ်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပိုင်းက တာဝန်ယူဆောင်ရွက်ပေးကြလို့ အဆင်ပြေပါတယ်။ ထူးထူးခြားခြား ထိုင်ဝမ်ကောင်စစ်ဝန်က မြန်မာဘုန်းကြီးများရဲ့ သာသနာဝင်ကဒ်ပြားကို တောင်းယူကြည့်ပြီး ကော်ပီတောင် မှတ်တမ်းယူထားလိုက်သေးတယ်။ ဒါကိုမြင်တွေ့ရတော့ ယခင်က မြန်မာဘုန်းကြီး အယောင်ဆောင်ပြီး သူတို့နိုင်ငံထဲ ၀င်တဲ့သူများ ရှိနေမလားလို့ စဉ်းစားမိပါတယ်။ သံရုံးမှာ ဆောင်ရွက်စရာပြီးတာနဲ့ တည်းခိုဖို့ စီစဉ်ထားတဲ့ AVANA Hotel ကို သွားခဲ့ကြပါတယ်။ ယခင်တစ်ခေါက်တုန်းက အချိန်ရသလောက် မြဘုရားထဲကို ခဏ၀င်၊ ကျောက်ဖရားမြစ်ဘေးမှာ အချိုရေသောက်ပြီး လေညှင်းခံဖို့ အခွင့်အလမ်းရခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ တန်ဖိုးကြီးနေကာမျက်မှန်ကိုတပ်.. ကိုယ်ပိုင်ဂျက်လေယာဉ်ကို စီး.. ခရီးထွက်ခဲ့တဲ့ ထိုင်းဘုန်းကြီးကိစ္စကို အကြောင်းပြုပြီး ဒေသခံတရုတ်မကြီး ချန်မားမားရဲ့ စိုးရိမ်မှုကြောင့် Hotel ထဲမှာပဲ နေခဲ့ကြရတယ်။ ထိုင်းဘုန်းကြီးတွေရဲ့ Modernization အကြောင်းကို စဉ်းစားရင်း မြန်မာနိုင်ငံရှိဘုန်းတော်ကြီးများရဲ့ အနာဂတ်ကိုလည်း မှန်းဆကြည့်ဖို့ စိတ်ကူးပေါက်လာပါတယ်။ အဲဒီအတွက် ချန်မားမားကို ကျေးဇူးတင်ရင်း အိပ်ရာဝင်ခဲ့ပါတယ်။  သြဂုတ်လ ၃ ရက်နေ့ မနက်စောစော လေဆိပ်ကို သွားတော့ ကိုယ်တည်းခိုခဲ့ရာဟိုတယ်ကို ပြန်ကြည့်လိုက်မှ ဟိုတယ်အပေါ်ပိုင်းမှာ လက်ဝါးကတ်တိုင်ကို မြင်တွေ့လိုက်ရပါတယ်။ အခြားသာသနာပြုတွေဟာ ဓမ္မအား နည်းပေမဲ့ ဓနအား မနည်းဘူးဆိုတာ ပေါ်လွင်ပါတယ်။

No comments:

Post a Comment