ဓမ္မပါရဂူကျောင်းတိုက် တည်ထောင်ရာတွင် အကူအညီပေးမှုများနှင့် အကူအညီမပေးသူများကို ကာလဒေသအလိုက် အခါအားလျှော်စွာ ကြုံတွေ့ခဲ့ရတယ်။ ဒါကတော့ လောကဓံတစ်မျိုးပါပဲ။
ကျောင်းတိုက်ကို တည်ထောင်စမှာ တချို့က ကိုယ့်အကျိုးစီးပွားနဲ့ယှဉ်ပြီး ဆက်ဆံကြတယ်။ တချို့က သာသနာ့အကျိုးစီးပွားနဲ့ယှဉ်ပြီး ကူညီကြတယ်။ တချို့က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးလို့ ပူးပေါင်း ဆောင်ရွက်ပေးကြတယ်။
ကိုယ်ကျိုးစီးပွားနဲ့ယှဉ်ပြီး ဆက်ဆံကြသူတွေဟာ တစ်နှစ်လောက်အကြာမှာပဲ အပြန်အလှန် အတုန့်အလှည့် သဘောတွေနဲ့ လက်တွေ့ ဆက်ဆံလာကြပါတယ်။ သတိပြုစရာ ရှိတာကလွဲလို့ ပြဿနာ သိပ်မရှိလှပါဘူး။ သာသနာ့ အကျိုးစီးပွားနဲ့ယှဉ်ပြီး ကူညီကြသူတွေကတော့ အရိုးခံ စိတ်ဓာတ်အတိုင်း ဘာနှောင်ကြိုးမှ မရှိကြပါဘူး။ ပြောဆိုဆက်ဆံရတာ အလွန်ကျေနပ်ဖို့ ကောင်းပါတယ်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးလို့ ပူးပေါင်း ဆောင်ရွက်ကြသူတွေက သမရိုးကျအတိုင်း ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့။ ထူးခြားနေတယ်လို့ စိတ်ထဲမှာ ခံစားနေရတာက ထောက်ကြန့် ဒေသခံ ရဟန်းသံဃာများဟာ ကျောင်းတိုက်အသစ် ထူထောင်မှုကို ၀မ်းပန်းတသာနဲ့ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ရတောင့်ရခဲ့တဲ့ အမှတ်ရဖွယ် လက်ဆောင်တစ်ခုပါပဲ။
အနှောက်အယှက်လို့ ဆိုစရာက တစ်ခုပဲရှိတယ်။ အဲဒါက လမ်းပိတ်ခြင်းပါပဲ။ ဓမ္မပါရဂူကျောင်းတိုက်ဟာ လျိုပတ်ထားတဲ့ ကုန်းမြေပေါ်မှာ တည်ရှိတာမို့ ကျောင်းတိုက်ကို ၀င်တဲ့လမ်းမှာရှိတဲ့ လျိုကို ကျော်ဖြတ် သွားလာရပါတယ်။ မိုးတွင်းအခါမှာ ရေကစီး၊ ကိုင်းပင်များက လူတစ်ရပ်လောက် မြင့်မားတာမို့ မြို့သူမြို့သား အသိမိတ်ဆွေများ ရဲရဲတင်းတင်း မလာနိုင်ကြပါဘူး။ ကိစ္စရှိရင်တော့ အဖော်ကိုခေါ်ပြီး လာရောက်ကြရပါတယ်။ လျိုရှိနေလို့ လူချည်းသက်သက် သွားဖို့တောင် အခက်အခဲ ရှိနေတာမို့ ကျောင်းတိုက် တည်ဆောက်ဖို့ ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူဖို့ဆိုတာဟာ မလွယ်လှပါဘူး။ ဒီအခက်အခဲကို အခိုက်အတန့် ဖြေရှင်းပေးတာက ဘေးကခြံပါပဲ။ အဲဒီခြံထဲကနေ တောလမ်းသဘောမျိုးနဲ့ လျိုကိုပတ်ပြီးဝင်ရင် ကျောင်းခြံမြေထဲကို ကားနဲ့ ၀င်နိုင်ပါတယ်။ အလှူရှင်များ၊ သက်ကြီးရွယ်အိုများ သက်တောင့်သက်သာ ကားနဲ့ ၀င်ရောက်နိုင်အောင် လမ်းကို အနားကလူတွေ ၀ိုင်းဝန်း ပြုပြင်ပြီး ၀င်ထွက်သွားလာကြပါတယ်။ ကျောင်း အဆောက်အဦတွေ ဆောက်လုပ်ဖို့ ဖြစ်လာတဲ့ အခါမှာ ပစ္စည်းသယ်ယူဖို့အတွက် အဲဒီလမ်းက အများကြီး အထောက်အကူ ပြုပေးပါတယ်။ ကျေးဇူး တင်စရာ အလွန်ကောင်းပါတယ်။ အခုတော့ အဲဒီလမ်းကို ခြံရှင်က ဖြတ်သန်းခွင့် မပေးတော့ပါဘူး။ လမ်းပိတ်လိုက်ပါပြီ။
ခြံပိုင်ရှင်က အငြိမ်းစားသံအမတ်ကြီး တစ်ဦးပါ။ အသက် ၉၀ လောက်ရှိပါပြီ။ ကျန်းမာရေးကောင်းတယ်။ သွားနိုင်လာနိုင်ရှိသေးတယ်။ ဘုရားတည်၊ ကျောင်းဆောက်၊ ပရဟိတတွေ အများကြီးလုပ်ဖူးတယ်လို့ သူကိုယ်တိုင် ပြောဖူးပါတယ်။ အရင်တုန်းက သူ့ခြံမြေ ၅ ဧကကျော်ကို တစ်ဧက သိန်း၁၅၀ နှုန်းနဲ့ ရောင်းလိုကြောင်း ကျောင်းအကျိုးဆောင်တွေကို ဖုန်းနဲ့ ပြောဖူးတယ်။ နောက်မကြာခင် မြေဈေးတွေတက်လာတော့ တစ်ဧကကို သိန်း၄၀၀ နှုန်းနဲ့ ရောင်းမယ် လို့ ပွဲစားကို ပြောတယ်။ တကယ် ၀ယ်လှူမည့်သူရှိလို့ စကားပြောကြတော့ တစ်ဧကကို သိန်း၈၀၀ နှုန်း ဖြစ်သွားလေရဲ့။ လှူမည့်သူလည်း ဈေးအများကြီး တက်သွားလို့ စဉ်းစားသွားတယ်။ ဒီလိုနဲ့ အရောင်းအ၀ယ် မတင်မကျ ဖြစ်နေချိန်မှာ သူ့ခြံစောင့်ကို လမ်းပိတ်ဖို့ အမိန့်ပေးလိုက်သံ ကြားရပါတော့တယ်။ ဘာကြောင့်များ လမ်းပိတ်ရပါသလဲ။ ဖြစ်နိုင်ခြေကို စဉ်းစားကြည့်လိုက်တော့ အချက်သုံးချက် တွေ့ရတယ်။
(၁)သူ့ခြံကို ၀ယ်ယူလိုသူများ လာကြည့်တဲ့အခါမှာ ဒီလမ်း ရှိနေလို့ မ၀ယ်လိုကြဘူးဟု ထင်မှတ်နေခြင်း။
(၂)ကားများဝင်ထွက်သဖြင့် သူ့ခြံထဲရှိ အပင်များ ထိခိုက်သည်ဟု အထင်ရှိခြင်း။
(၃)ကားအ၀င်အထွက်ကို ပိတ်လိုက်ခြင်းဖြင့် ကျောင်းမြေအဖြစ် မဖြစ်မနေ ၀ယ်ယူလိမ့်မည်ဟု ယူဆခြင်း။
လမ်းပိတ်လိုက်တဲ့အတွက် အဓိက အခက်အခဲ ဖြစ်သွားတာက ကျောင်းဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူရေးပါပဲ။ သိမ်ကျောင်း၊ စံကျောင်း၊ ကုဋီ၊ သောက်ရေအိုးစဉ် တည်ဆောက်ရေးတွေက လုပ်နေဆဲပါ။ လျိုကို ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ ဓမ္မပါရဂူတံတားက ပြီးနေပေမဲ့ ချဉ်းကပ်လမ်းမှာ ကားသွားလို့ မရသေးတာမို့ ဘာမှ သယ်လို့ မရသေးပါဘူး။ မဖြစ်မနေ ပစ္စည်း သယ်ရမယ် ဆိုရင်တော့ ပေ ၄၀၀ လောက် ကွာဝေးတဲ့ တံတားနဲ့ ကျောင်းကို ခြေကျင် သယ်ရမှာပါ။ နောက် အခက်အခဲတစ်ခုက ကျောင်းကို ၀င်ထွက်သွားလာနေတဲ့ သက်ကြီးရွယ်အိုများ အလှူရှင်များဟာ ကားကို တံတားထိပ်မှာ ရပ်ထားပြီး ခြေကျင်လျှောက်လာရတော့မှာပါ။
လမ်းပိတ်လိုက်တဲ့အတွက် မြေအရောင်းအ၀ယ်လည်း မဖြစ်သေးပါဘူး။ လောလောဆယ် ဘယ်သူ့မှာ အကျိုးဖြစ်ထွန်းသွားသလဲ ဆိုတာကိုလည်း စဉ်းစားလို့ မရပါဘူး။ အခက်အခဲ ဖြစ်သွားတာကတော့ လက်တွေ့ပါပဲ။ လမ်းပိတ်ခြင်းကြောင့် လမ်းပိတ်သူနဲ့ လမ်းပိတ်ခံရသူကြားမှာ အကျိုးအမြတ် ဘယ်လို ထွက်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမဲ့ ပြုသူအသစ်- ခံသူအဟောင်းဆိုတဲ့ နိယာမအရ လမ်းပိတ်သူက ကံအသစ်ကို ထူထောင်ခြင်း ဖြစ်ပြီး လမ်းပိတ်ခံရသူက ကံအဟောင်းကို ခံစားရခြင်းဖြစ်ကြောင်း လေးလေးနက်နက် သဘောပေါက်မိပါတယ်။

No comments:
Post a Comment