ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် ဆရာတော် ဦးထေရာသဘကို ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာနေ ခမည်းတော် ဦးစိန်မောင်၊ မယ်တော် ဒေါ်ဘီတို့မှ သက္ကရာဇ် ၁၃၂၉- ခုနှစ်၊ ၀ါဆိုလဆန်း (၉)ရက်၊ စနေနေ့၊ (၁၅-၇-၁၉၆၇) တွင် ဖွားမြင်တော် မူပါသည်။ မွေးချင်းငါးယောက်တို့တွင် ဒုတိယမြောက် သားရတနာ ဖြစ်ပြီး ငယ်နာမည်မှာ မောင်လေးနိုင် ဖြစ်ပါသည်။
ငယ်ရွယ်စဉ်က မော်လမြိုင်ကျွန်းမြို့ နေရှင်နယ်ကျောင်းတွင် မူလတန်းပညာအောင်ပြီး မော်လမြိုင်ကျွန်းမြို့
အထက(၁)တွင် အလယ်တန်းပညာကို သင်ယူခဲ့သည်။ လှိုင်းဘုန်းရွာ တွဲဖက်အထကတွင် အလယ်တန်းနှင့် ကိုးတန်းအောင်သည်အထိ သင်ယူ ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကို ပဲခူးတိုင်း ဒေသကြီး အုတ်ဖို့မြို့ အထက(၁)မှ အောင်မြင် ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပုသိမ်ဒီဂရီကောလိပ် တက္ကသိုလ် စာပေးစာယူသင်တန်း ဒုတိယနှစ်အထိ ပထ၀ီဝင်အထူးပြုဖြင့် ပညာသင်ကြားပြီး သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့သည်။
ဆရာတော်သည် ၁၃၄၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၆)ရက်၊ (၂၀-၃-၁၉၈၇)၊ သောကြာနေ့ နံနက် (၇) နာရီ (၁၉)မိနစ် အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာ၊ ဓမ္မိစ္ဆိတ္တာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဥာဏုတ္တရ မဟာထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျးရွာနေ ဦးအုန်းကျော် + ဒေါ်ချက် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူပါသည်။ ဘွဲ့တော်မှာ အရှင်ထေရာသဘ ဖြစ်ပါသည်။
ရဟန်းဘ၀ ပထမ၀ါတွင် လှိုင်းဘုန်းရွာ ဆရာတော်များထံတွင် ပိဋကတ်အခြေခံများကို စတင်သင်ယူပြီး ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ် အထိ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ ပါဠိတက္ကသိုလ် တောင်ပေါ်ကျောင်း တိုက်တွင် ပညာသင်ကြားခဲ့ရာ အစိုးရ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီး တန်းတို့ကို နှစ်ချင်းဆက် အောင်မြင်ခဲ့ပါသည်။ ထိုအတောအတွင်း ဓနုဖြူမြို့နယ်လုံးဆိုင်ရာ ၀ိနယာဓိက စာမေးပွဲ (ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း) ၊ သာသနပါလ စာမေးပွဲ (ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း) တို့ကိုလည်း နှစ်ချင်းဆက် အောင်မြင်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် ဓမ္မာစရိယကျမ်းစာများ သင်ယူလျက် ဓနုဖြူမြို့ တောင်ပေါ်ကျောင်းတိုက်တွင် စာသင်သားတို့အား စာဝါပို့ချပေးခဲ့ပါသည်။
၁၉၉၃-၉၄ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်တွင် ဓမ္မာစရိယတန်း စာဝါများကို လေ့လာ သင်ယူခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် သို့ တက်ရောက် ပညာသင်ယူခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် သာသနတက္ကသီလ ဓမ္မာစရိယ B.A(Buddhism) ဘွဲ့နှင့် ၂၀၀၅ ခုနှစ်တွင် သာသနတက္ကသီလ မဟာ ဓမ္မာစရိယ M.A (Buddhism) ဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် ပုသိမ်အဝေးသင်တက္ကသိုလ်တွင် ဒဿနိကဗေဒ အထူးပြုဖြင့် ပထမနှစ်မှ စတင်သင်ယူပြီး ၂၀၀၈ ခုနှစ်တွင် B.A (Philosophy) ဘွဲ့ကို ရရှိခဲ့သည်။
ဆရာတော်သည် ၂၀၀၁ ခုနှစ်မှ စ၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၏ ဗုဒ္ဒဒေသနာ ပြန့်ပွားရေးပညာ ဌာနတွင် နည်းပြတာဝန်နှင့်၊ ရှမ်းပြည်နယ်ဝိဇ္ဖာလယ ကျောင်းဆောင်တွင် အဆောင်မှူးတာဝန်တို့ကို စတင်ထမ်းဆောင် ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ယနေ့အထိ ဗုဒ္ဓဒေသနာပြန့်ပွားရေး ပညာဌာနတွင် ကထိကတာဝန်ကို ဆက်လက် ထမ်းဆောင် လျက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် သင်တန်းများအပြင် သာသနာရေး ၀န်ကြီးဌာနမှ ကြီးမှူးဆောင်ရွက်သော နယ်စပ်နှင့်တောင်တန်းဒေသ သာသနာပြုရဟန်းတော်များ သင်တန်းများ၊ ယဉ်ကျေးမှုသင်တန်းများကို သင်ကြားပေးလျက် ရှိသည်။
ဆရာတော်ရေးသားပြုစုသော ကျမ်းများမှာ “ပါဠိကြိယာဝိဘတ်များကို ခေတ်သင်နည်းဖြင့် လေ့လာခြင်း”၊
“ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ခြယ်လှယ်သွားလိမ့်မယ်”၊
“သင်္ခါရသဘောတရားနှင့် သိက္ခာသုံးရပ်ကို ဆက်စပ်လေ့လာခြင်း”
တို့ ဖြစ်ပါသည်။ ယခုအခါ သာသနတက္ကသီလ ဓမ္မပါရဂူ PhD ဘွဲ့ အတွက်
“The Concept of Liberation and Determination of Kammic Forces” ဟူသော ခေါင်းစဉ်ဖြင့် ကျမ်းပြုလျက် ရှိပါသည်။
ယခုအခါ ဆရာတော်သည် တက္ကသိုလ်တာဝန်များကို ထမ်းဆောင်လျက် ၂၀၁၀ ခုနှစ်မှ စ၍ မင်္ဂလာဒုံမြို့ နယ် ထောက်ကြန့်၊ လှော်ကား ဥယျာဉ်အနီး တိလောက ရပ်ကွက်အတွင်းတွင် ဓမ္မပါရဂူကျောင်းတိုက် အမည်ဖြင့် ကျောင်းတိုက်အသစ် ထူထောင်ပြီး ဘာသာ၊ သာသနာ၊ စာပေလုပ်ငန်းများ တိုးတက်ပြန့်ပွားရေး အတွက် ဆောင်ရွက်လျက်ရှိပါသည်။
No comments:
Post a Comment