Monday, November 19, 2012

ဒီ..ဆောင်း

ဆောင်း..အပူ၊
နှင်း..ကျ..လည်း..ပူ၊
နှင်း..မကျ..လည်း..ပူ၊
မိုး..ကူ..လည်း..ပူတာပဲ၊
ဆောင်..အရှက်..ကွဲ။    ။

ခန့်မှန်းတာ မမှားဘူးဆိုရင် မြန်မာပြည်မှာလွန်ခဲ့တဲ့ အနှစ် ၂၀လောက်ထိအောင် နွေ၊မိုး၊ဆောင်းဆိုတာ ပီပီပြင်ပြင် ရှိနေတုန်းပါပဲ။ မိုးလကုန်ချိန် တန်ဆောင်တိုင်မီးထွန်းပွဲဆိုရင် မိုးဆိုတာ ဝေလာဝေး၊ အအေးဓာတ်ကလေးများက မထိတထိ မိတ်ဆက်မိနေပါပြီ။ ကျောင်းသွားခါနီး အမေက သနပ်ခါးလိမ်းခိုင်းရင် အေးစက်စက်အထိအတွေ့ဟာ ဆောင်းဥတုရဲ့ အမှတ်အသားလေးတွေပါပဲ။ တန်ဆောင်တိုင်မီးထွန်းပွဲရက် ကျောင်းပိတ်လို့ ဆွေမျိုးများနေထိုင်တဲ့ တောရွာတွေရောက်ရင် ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း စာဆိုနဲ့အညီ စပါးပင်များမှာ စပါးဖုံးလို့ခေါ်တဲ့ စပါးနှံအနုများကို နှင်းမှုန်တွေကြားမှာ ခူးစားခဲ့တာလဲ သတိရနေတယ်။ ချမ်းစိမ့်တဲ့အရသာကို ပြေစေလိုတဲ့ အကိုများက ချမ်းရင်ရေချိုး နှင်းတော.တိုးရတယ်လို့ ပြောတာနဲ့ စပါးပင်တွေကြားထဲ သူတို့နဲ့အတူ လျှောက်ပြေးခဲ့ကြဖူးတာကို မြင်ယောင်နေပါတယ်။ ဆယ်မိနစ်လောက် စပါးတောထဲမှာ ပြေးလိုက်ရင်ပဲ နှင်းရည်တို့ဖြင့် စိုရွဲလို့နေပါတော့တယ်။ စိုခါစက ချမ်းပေမယ့် ခဏအကြာမှာ နှင်းဒဏ်ကိုခံနိုင်လာပြီး မချမ်းတော့ပါဘူး။ နှင်းတိုးပြီး ပြန်လာချိန်မှာ နှင်းမတိုးသူတွေက မီးပုံလေးဖိုပြီး မီးအပူနဲ့ ဆောင်းဒဏ်ကို အံတုနေကြတာလဲ အာရုံထဲပေါ်လာပါတယ်။

အခုခေတ်မှာတော့ စက်မှုထွန်းကားမှုအကျိုးဆက်အရ ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဖန်လုံအင်အာနိသင် ဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးလည်း ပူနွေးလာပါပြီ။ အပူဒဏ်ကို မခံနိုင်တဲ့ ၀င်ရိုးစွန်းက ရေခဲတောင်များဟာလည်း တ၀ုန်းဝုန်း ပြိုကျနေတာ နေ့စဉ်နဲ့အမျှပါပဲ။ ဥတုရာသီတောကိုမှီ..ခဲ့တဲ့ ကမ္ဘာကြီးမှာ လူတွေရဲ့ နေစရာ၊ စိုက်ပျိုးစရာချဲ့ထွင်ရင်း သစ်ပင်သစ်တောတွေ ပြုန်းတီးကုန်တာကြောင့် တောမရှိတဲ့ဥတုဟာ ဖောက်ပြန်မှုများ ဆင့်ကာဆင့်ကာ ပြသလာပါတယ်။ ညစ်နွမ်းနေတဲ့လေထုကို သန့်စင်ပေးဖို့ သစ်ပင်အလုံအလောက် မရှိတော့တဲ့ အခြေအနေကို ရောက်နေပါပြီ။ အပြန်အလှန်အကျိုးပြုနေတဲ့ ဂေဟစနစ်ဟာ ပျက်စီးနေပြီမို့ ဆောင်းဟာလည်း ဆောင်းမပီသတော့ပဲ မအေးတော့ပါဘူး။ ဆောင်းသဘာဝ အရ နှင်းကျရင်တောင် ပူနွေးနေတဲ့ကမ္ဘာမြေပြင်ထိအောက် မရောက်တော့ပဲ လမ်းခုလတ်မှာ ပျောက်ပြယ်သွားကြပါတယ်။ တကယ်ကျရောက်လာတဲ့နှင်းတွေဟာလည်း အအေးဓာတ်ကလျော့ပါးနေတာမို့ နှင်းကျလည်း မပူတာကို သတိပြုမိမှာပါ။

ဟိုတုန်းကဆောင်းနဲ့ အခုဆောင်းဟာ အခေါ်အဝေါ်အားဖြင့်တူပေမယ့် ဆောင်းသဘာဝ ပြောင်းလဲလာ ပါပြီ။ ဆောင်းသဘာဝ ပြောင်းလဲလာရင် ဆောင်းကိုအမှီပြုနေတဲ့ မြန်မာ့ဓလေ့တချို့ဟာလည်း  ပြောင်းလဲ လာနိုင်ပါတယ်။ အချို့ဆိုရင် ကွယ်ပျောက်သွားနိုင်ပါတယ်။ နှင်းတောတိုးစရာ နှင်းမရှိရင် ချမ်းရင်ရေချိုးနှင်းတောတိုး..လို တောဓလေ့များဟာ စာထဲမှာပဲ ရှိတော့မှာပါ။ ဆောင်းဥတုဖွဲ့ကဗျာလင်္ကာစာပေများ၊ ဆောင်းနှင်းဖွဲ့ မြန်မာတေးသံသာတို့ဟာလည်း လက်တွေ့ဘ၀နဲ့ ကိုက်ညီမှာ မဟုတ်တော့ပါဘူး။ ယဉ်ကျေးမှု အနုပညာ စတာတွေအသက်မ၀င်တာဟာ
လူ့အသက်ကို အနှောင့်အယှက်မပြုပေမယ့် နှင်းကိုမျှော်နေရတဲ့ ဆောင်းသီးနှံများ မဖြစ်ထွန်းရင် အနာဂတ်မှာ လူသားတွေရဲ့စားရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။

လူမှုဝန်းကျင်ဟာ လူတွေကပဲ ဖန်တီးခဲ့ကြတာပါ။ လူ့စိတ်ဆန္ဒအတိုင်း ပြောင်းလဲနေကြတာပါ။ အသစ်အဆန်းကို တပ်မက်၊ တိုးတက်မှုကို လိုလား၊ သဘာဝကို တန်ဖိုးမထားတဲ့ လူတွေရဲ့အလိုဆန္ဒစေစားမှုကြောင့် ဖောက်ပြန်နေတဲ့ ရာသီဥတု၊ ပျက်စီးနေတဲ့ လူမှုဝန်းကျင်ကို လူသားမှတစ်ပါး ဘယ်သူမှ ဖန်တီးယူနေတာမဟုတ်ပါဘူး။ တရားခံဟာ လူသားတို့ရဲ့ ဖြည့်ဆည်းမနှိုင်တဲ့ လိုအင်ဆန္ဒတွေကြောင့်ပါပဲ။

ကဗျာထဲမှာပါတဲ့အတိုင်း မအေးတော့တဲ့ ဆောင်းဟာ အရှက်ကွဲရသလို လူ့ဘောင်လောကဟာလည်း အလိုမပြည့်နိုင်တဲ့ဆန္ဒတွေကြောင့် ဥတုဖောက်ပြန်လို့ အသက်နဲ့စတေးပြီး အရှက်ကွဲတဲ့မှတ်တမ်းတွေ ရှိခဲ့ပါတယ်။ အခုလည်း ရင်ဆိုင်နေရပါတယ်။ နောင်ကိုလည်း ကြုံလာဦးမှာပါ။ ဒါတွေကို ကမ္ဘာနဲ့အ၀ှမ်း အသိတရားနဲ့ အချိန်မှီ ပြုပြင်နိုင်ရင် ပြုပြင်၊ မပြုပြင်နိုင်ရင်တော့ ဆောင်းအရှက်ကွဲခြင်းဟာ လူသားတွေ ကြိမ်ဖန်များစွာ အရှက်တကွဲ အကျိုးနည်းဖို့ နိမိတ်ပြနေတာပါလို့ ..ပြောလိုက်ချင်ပါရဲ့။

Sunday, November 18, 2012

ဒုတိယအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲ

တစ်ညလုံး သံဃာအပါး(၂၀)အတွက် အရုဏ်နေ့ဆွမ်းကပ်ဖို့၊ လူ (၃၀၀)လောက် ဧည့်ခံဖို့ စီစဉ်ကြတယ်။ သီးစုံဒံပေါက်က စားရတာ ကောင်းပေမဲ့ လုပ်ရတာ လက်ဝင်ပုံပေါ်ပါတယ်။ ရေခဲမုန့်ကို လှူချင်သူက အခွက် ၄၀၀ လောက်မှာတယ်။ တော်တော်ကြိုက်ကြပုံပေါ်တယ်။ ဘုန်းကြီးပွဲတောင် မနည်း ချန်လိုက်ရတယ်။ ငှက်ပျောရွှေကြည် ခုနစ်ဘန်းဆို မကုန်လောက်ဘူးလို့ထင်ထားတာ။ အချိန်တန်တော့ လည်း ကုန်သွားတာပါပဲ။ တကယ်တော့ သံဃာ့ကိစ္စနဲ့ဧည်ခံရတဲ့ကိစ္စကို နေရာစုံဒေါင့်စိအောင်လုပ်ရတာ မလွယ်လှပါဘူး။ မပြည့်စုံမှုတွေကြားမှာ အဆင်ပြေအောင်လုပ်သွားကြတာပါ။ အဆင်ပြေတာကို ပီတီဖြစ်ကြ၊ အဆင်မပြေတာကို နောက်နှစ်ဒီလိုမဖြစ်အောင် လုပ်မယ်..တဲ့။ နောက်မဆုတ်တဲ့ ခြေလှမ်းများ ပိုင်ရှင်တွေလို့ပဲ ပြောလိုက်ချင်မိပါရဲ့။



ရပ်နီးရပ်ဝေးက စေတနာရှင်များက ပုံစံအသီးသီးနဲ့ လာရောက်ကြပါတယ်။ ကိုယ့်စိတ်ဆန္ဒအတိုင်း လှူဖွယ်များ သင်္ကန်းများ ယူဆောင်လာကြပါတယ်။ ကျောင်းထဲမှာ မနေ့ညကအထိအောင် ဆူညံမှု မဖြစ်အောင် အသံချဲ့စက်ကို စီမံမထားခဲ့ပါဘူး။ ရေစက်ချတရားနာချိန်မှာ Sound Box အသေးစား တစ်ခု စီစဉ်မယ်ဆိုပြီး ကမ္ဘာအေးကို ပြန်ခဲ့ပါတယ်။ မနက်မိုးလင်း ကျောင်းကိုပြန်ရောက်တော့ အသံချဲ့စက်နဲ့ Sound Box တစ်စုံက ဓမ္မတေးသံများနဲ့ ကြိုဆိုနေလေရဲ့။ အော်..၀ါသနာ ပါကြတာကိုး။
အနီးနားက ရပ်ကွက်တွေက ပဒေသာပင် လာပို့တော့လည်း လှည်းပေါ်မှာ အသံချဲ့စက်နဲ့၊ မီးစက်နဲ့ မြူးမြူး ကြွကြွ ကတာရှိသလို ရှမ်းအိုးစည်နဲ့ လာတဲ့အဖွဲ့ကလည်း ရှိသေးတယ်။ မြို့ထဲကလာတဲ့ ဒါယကာမတွေ အမျိုး စုံတယ်လို့ ပြောရမယ်။ သူတို့ကလည်း အားကျမခံဘူး။ လှတဲ့သူတွေ လှကြသလို..ရွတဲ့သူတွေလည်း ရွကြတယ်...အဲလေ.. ကတဲ့သူတွေလည်း က ကြပါတယ်။






သိမ်ကျောင်းအောက်ထပ်မှာ ကြီးငယ်မရွေး ရောက်လာသူအားလုံးကို ဧည့်ခံပါတယ်။



မြန်မာစာဌာန ဌာနမှူးဆရာတော် မှ ကထိန်အနုမောဒနာ ရေစက်ချတရား ဟောကြားပေးပါတယ်။ အကြောင်းအရာတွေက အတော်စုံတာမို့ တရားနာသူအားလုံး ဓမ္မသုတ တော်တော်ရလိုက်ကြပါတယ်။ ဘုန်းကြီးတွေဖက်က ပေးနိုင်တာ ဒါပဲရှိတာမို့ ဒါကိုပဲ အပြည့်အ၀ပေးလိုက်ရမယ်လို့ ယူဆပါတယ်။




ဒါယကာဒါယကာမများကိုယ်စား မယ်တော်ကြီးမှ ကထိန်ဥတ်သင်္ကန်း ဆက်ကပ်ပေးပါတယ်။ ကုသိုလ်ရှင်များ ကိုယ်တိုင်ကိုယ်ကျ မကပ်လိုက်ရလို့ အားငယ်စရာ မဟုတ်ပါဘူး။ ကထိန်ရဲ့သဘောက ဘယ်သင်္ကန်းကိုပဲ ကပ်ကပ် သံယိက ဖြစ်အောင် ကပ်နိုင်ဖို့ လိုအပ်ပါတယ်။









ကထိန်ခင်းဖို့ မပြီးသေးတဲ့ သိမ်ကျောင်းအောက်ထပ်မှာ စီစဉ်ရပါတယ်။ ခံ.ရွေး.ပေးနှင်း.စွန့်.ထိုးခြင်း. တင်.ခင်း.နုမောဒနာဆိုတဲ့ ၀ိနည်းကံအတိုင်းဆောင်ရွက်ပြီး ကထိန်ခင်းရပါတယ်။ (ခံ=ကထိန်သင်္ကန်းကို အလှူခံရတယ်။ ရွေး= ကထိန်ခင်းမယ့်ရဟန်းကို ရွေးရပါတယ်။ ပေးနှင်း= ရွေးလိုက်တဲ့ရဟန်းထံ ကထိန်သင်္ကန်းကို ဥတ်ကမ္မ၀ါစာနဲ့ ပေးအပ်ရပါတယ်။ စွန့်=အဓိဋ္ဌာန်ထားတဲ့သင်္ကန်းဟောင်းကို အဓိဋ္ဌာန် ထားခြင်းမှ စွန့်ရပါတယ်။ ထိုးခြင်း= သင်္ကန်းထောင့်အစွန်းမှ ဗိန္ဓုအစက်အပျောက်ကို ထိုးရပါတယ်။ တင်= ကထိန်သင်္ကန်းကို အဓိဋ္ဌာန်တင်ရပါတယ်။ ခင်း= ထိုကထိန်သင်္ကန်းဖြင့် ကထိန်ခင်းရပါတယ်။ နုမောဒနာ = အခြားဝါဆိုသံဃာများအားလုံး အနုမောဒနာပြုကြရပါတယ်။

သိမ်ဆင်းလောင်းလှူတဲ့ မှတ်တမ်းတချို့

ခမည်းတော်ကြီးရဲ့ ၂၁ ၀ါမြောက် ကထိန်ပါ။
ဆွမ်းခဲဖွယ် ဘောဇဉ်များ







ကျောင်းမြေအလှူရှင် ဒါယကကြီး ဦးဘဟိန်းနှင့် ၀မ်းမြောက်ဖွယ် စကားစမြည်များ



မယ်တော်ကြီး ဒေါ်ဘီ