ဆောင်း..အပူ၊
နှင်း..ကျ..လည်း..ပူ၊
နှင်း..မကျ..လည်း..ပူ၊
မိုး..ကူ..လည်း..ပူတာပဲ၊
ဆောင်..အရှက်..ကွဲ။ ။
ခန့်မှန်းတာ မမှားဘူးဆိုရင် မြန်မာပြည်မှာလွန်ခဲ့တဲ့ အနှစ် ၂၀လောက်ထိအောင် နွေ၊မိုး၊ဆောင်းဆိုတာ ပီပီပြင်ပြင် ရှိနေတုန်းပါပဲ။ မိုးလကုန်ချိန် တန်ဆောင်တိုင်မီးထွန်းပွဲဆိုရင် မိုးဆိုတာ ဝေလာဝေး၊ အအေးဓာတ်ကလေးများက မထိတထိ မိတ်ဆက်မိနေပါပြီ။ ကျောင်းသွားခါနီး အမေက သနပ်ခါးလိမ်းခိုင်းရင် အေးစက်စက်အထိအတွေ့ဟာ ဆောင်းဥတုရဲ့ အမှတ်အသားလေးတွေပါပဲ။ တန်ဆောင်တိုင်မီးထွန်းပွဲရက် ကျောင်းပိတ်လို့ ဆွေမျိုးများနေထိုင်တဲ့ တောရွာတွေရောက်ရင် ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း စာဆိုနဲ့အညီ စပါးပင်များမှာ စပါးဖုံးလို့ခေါ်တဲ့ စပါးနှံအနုများကို နှင်းမှုန်တွေကြားမှာ ခူးစားခဲ့တာလဲ သတိရနေတယ်။ ချမ်းစိမ့်တဲ့အရသာကို ပြေစေလိုတဲ့ အကိုများက ချမ်းရင်ရေချိုး နှင်းတော.တိုးရတယ်လို့ ပြောတာနဲ့ စပါးပင်တွေကြားထဲ သူတို့နဲ့အတူ လျှောက်ပြေးခဲ့ကြဖူးတာကို မြင်ယောင်နေပါတယ်။ ဆယ်မိနစ်လောက် စပါးတောထဲမှာ ပြေးလိုက်ရင်ပဲ နှင်းရည်တို့ဖြင့် စိုရွဲလို့နေပါတော့တယ်။ စိုခါစက ချမ်းပေမယ့် ခဏအကြာမှာ နှင်းဒဏ်ကိုခံနိုင်လာပြီး မချမ်းတော့ပါဘူး။ နှင်းတိုးပြီး ပြန်လာချိန်မှာ နှင်းမတိုးသူတွေက မီးပုံလေးဖိုပြီး မီးအပူနဲ့ ဆောင်းဒဏ်ကို အံတုနေကြတာလဲ အာရုံထဲပေါ်လာပါတယ်။
အခုခေတ်မှာတော့ စက်မှုထွန်းကားမှုအကျိုးဆက်အရ ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဖန်လုံအင်အာနိသင် ဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးလည်း ပူနွေးလာပါပြီ။ အပူဒဏ်ကို မခံနိုင်တဲ့ ၀င်ရိုးစွန်းက ရေခဲတောင်များဟာလည်း တ၀ုန်းဝုန်း ပြိုကျနေတာ နေ့စဉ်နဲ့အမျှပါပဲ။ ဥတုရာသီတောကိုမှီ..ခဲ့တဲ့ ကမ္ဘာကြီးမှာ လူတွေရဲ့ နေစရာ၊ စိုက်ပျိုးစရာချဲ့ထွင်ရင်း သစ်ပင်သစ်တောတွေ ပြုန်းတီးကုန်တာကြောင့် တောမရှိတဲ့ဥတုဟာ ဖောက်ပြန်မှုများ ဆင့်ကာဆင့်ကာ ပြသလာပါတယ်။ ညစ်နွမ်းနေတဲ့လေထုကို သန့်စင်ပေးဖို့ သစ်ပင်အလုံအလောက် မရှိတော့တဲ့ အခြေအနေကို ရောက်နေပါပြီ။ အပြန်အလှန်အကျိုးပြုနေတဲ့ ဂေဟစနစ်ဟာ ပျက်စီးနေပြီမို့ ဆောင်းဟာလည်း ဆောင်းမပီသတော့ပဲ မအေးတော့ပါဘူး။ ဆောင်းသဘာဝ အရ နှင်းကျရင်တောင် ပူနွေးနေတဲ့ကမ္ဘာမြေပြင်ထိအောက် မရောက်တော့ပဲ လမ်းခုလတ်မှာ ပျောက်ပြယ်သွားကြပါတယ်။ တကယ်ကျရောက်လာတဲ့နှင်းတွေဟာလည်း အအေးဓာတ်ကလျော့ပါးနေတာမို့ နှင်းကျလည်း မပူတာကို သတိပြုမိမှာပါ။
ဟိုတုန်းကဆောင်းနဲ့ အခုဆောင်းဟာ အခေါ်အဝေါ်အားဖြင့်တူပေမယ့် ဆောင်းသဘာဝ ပြောင်းလဲလာ ပါပြီ။ ဆောင်းသဘာဝ ပြောင်းလဲလာရင် ဆောင်းကိုအမှီပြုနေတဲ့ မြန်မာ့ဓလေ့တချို့ဟာလည်း ပြောင်းလဲ လာနိုင်ပါတယ်။ အချို့ဆိုရင် ကွယ်ပျောက်သွားနိုင်ပါတယ်။ နှင်းတောတိုးစရာ နှင်းမရှိရင် ချမ်းရင်ရေချိုးနှင်းတောတိုး..လို တောဓလေ့များဟာ စာထဲမှာပဲ ရှိတော့မှာပါ။ ဆောင်းဥတုဖွဲ့ကဗျာလင်္ကာစာပေများ၊ ဆောင်းနှင်းဖွဲ့ မြန်မာတေးသံသာတို့ဟာလည်း လက်တွေ့ဘ၀နဲ့ ကိုက်ညီမှာ မဟုတ်တော့ပါဘူး။ ယဉ်ကျေးမှု အနုပညာ စတာတွေအသက်မ၀င်တာဟာ
လူ့အသက်ကို အနှောင့်အယှက်မပြုပေမယ့် နှင်းကိုမျှော်နေရတဲ့ ဆောင်းသီးနှံများ မဖြစ်ထွန်းရင် အနာဂတ်မှာ လူသားတွေရဲ့စားရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။
လူမှုဝန်းကျင်ဟာ လူတွေကပဲ ဖန်တီးခဲ့ကြတာပါ။ လူ့စိတ်ဆန္ဒအတိုင်း ပြောင်းလဲနေကြတာပါ။ အသစ်အဆန်းကို တပ်မက်၊ တိုးတက်မှုကို လိုလား၊ သဘာဝကို တန်ဖိုးမထားတဲ့ လူတွေရဲ့အလိုဆန္ဒစေစားမှုကြောင့် ဖောက်ပြန်နေတဲ့ ရာသီဥတု၊ ပျက်စီးနေတဲ့ လူမှုဝန်းကျင်ကို လူသားမှတစ်ပါး ဘယ်သူမှ ဖန်တီးယူနေတာမဟုတ်ပါဘူး။ တရားခံဟာ လူသားတို့ရဲ့ ဖြည့်ဆည်းမနှိုင်တဲ့ လိုအင်ဆန္ဒတွေကြောင့်ပါပဲ။
ကဗျာထဲမှာပါတဲ့အတိုင်း မအေးတော့တဲ့ ဆောင်းဟာ အရှက်ကွဲရသလို လူ့ဘောင်လောကဟာလည်း အလိုမပြည့်နိုင်တဲ့ဆန္ဒတွေကြောင့် ဥတုဖောက်ပြန်လို့ အသက်နဲ့စတေးပြီး အရှက်ကွဲတဲ့မှတ်တမ်းတွေ ရှိခဲ့ပါတယ်။ အခုလည်း ရင်ဆိုင်နေရပါတယ်။ နောင်ကိုလည်း ကြုံလာဦးမှာပါ။ ဒါတွေကို ကမ္ဘာနဲ့အ၀ှမ်း အသိတရားနဲ့ အချိန်မှီ ပြုပြင်နိုင်ရင် ပြုပြင်၊ မပြုပြင်နိုင်ရင်တော့ ဆောင်းအရှက်ကွဲခြင်းဟာ လူသားတွေ ကြိမ်ဖန်များစွာ အရှက်တကွဲ အကျိုးနည်းဖို့ နိမိတ်ပြနေတာပါလို့ ..ပြောလိုက်ချင်ပါရဲ့။

No comments:
Post a Comment