အလယ်အလတ် ကရုဏာ ဆိုတာကို စဉ်းစားကြည့်မိပါတယ်။
ကိုယ့်ထက် နိမ့်ကျသူ ဆင်းရဲသူကို ကိုယ်က မြင်ရတွေ့ရတော့ ရံဖန်ရံခါ သနားစိတ် ၀င်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ထက် နိမ့်ကျနေတာကိုး..။ ဒါက အပေါ်ကနေ မိမိက အောက်ကိုကြည့်တဲ့ ရှုထောင့်ပေါ့။
ကိုယ်ကလည်း ပြည့်စုံနေသူ မဟုတ်လေတော့ ကိုယ့်ထက် မြင့်သူ ချမ်းသာသူက ကိုယ့်ကိုမြင်ရင် သူက ကိုယ့်ကို သနားကောင်း သနားနိုင်ပါတယ်။ ဒါက မိမိကို အပေါ်ကနေ အောက်ကိုကြည့်တဲ့ ရှုထောင့်ပေါ့။
လောကမှာ တစ်ခါတရံ ကိုယ်က သူများကို သနား နေရာကနေ.. သူများရဲ့ အသနားခံရသူဘ၀ကို မထင်မှတ်ဘဲ ရောက်သွားတတ်တယ်။ ၀ိုင်းကြီးပတ်ချာ လည်နေတဲ့ သဘောပါပဲ။
စဉ်းစားမိတာ တစ်ခုက

“တစ်ခါတလေ မိမိကိုယ်ကိုလည်း ပြန်လည်သနားသင့်တယ်” လို့ ထင်မိတယ်။ လောဘနဲ့နွမ်း၊ ဒေါသနဲ့နွမ်း၊ မောဟနဲ့နွမ်းနေတဲ့
ကိုယ့်ရဲ့အခြေအနေကို အမှန်အတိုင်းသုံးသပ်ကြည့်ရင် သနားစရာ ငါပါလားလို့
ထင်လာမြင်လာမိပါတယ်။ သူများက စာနာသနားပေးတာထက်စာရင် ကိုယ့်ကိုယ်ကို
ပြန်ပြီးသနားကြည့်တာ ပိုကောင်းမလားလို့...ပါ။
ဒီအကြောင်းကို ပြောပြမိတော့ ခင်မင်သူတစ်ယောက်က..အခုလိုကြားလိုက်မှ သူလည်း သူ့ကိုယ်သူ့ ပြန်ပြီး သနားနေမိကြောင်း ပြန်ပြောပြပါတယ်။ သူများတွေကိုသာ လိုက်ပြီးသနားနေတယ်။ သူလည်း သနားစရာ ကောင်းတဲ့အကြောင်း ပြောပြနေပါတယ်။
တစ်ယောက်ကတော့.. ကိုယ့်ကိုယ်ကို သနားဖို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေခဲ့ကြောင်း၊ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ပြန်ပြီးမကြည့်မိကြတော့ ကိုယ့်ကိုကိုယ်သနားဖို့ကို မေ့နေကြတယ်လို့ သုံးသပ်ပြပါတယ်။
အတွေးကောင်းတဲ့ တစ်ယောက်သောသူကတော့..ကိုယ့်ကိုယ်ကိုပြန်ပြီး သနားကြည့်တာ ကောင်းပါတယ် ..တဲ့၊ ဒါပေမယ့် သနားကြည့်ဖို့ " မှန် " ဆိုတဲ့ ...အရာတစ်ခုခု လိုအပ်မယ်လို့..သူ့အမြင်ကိုပြောပြပါတယ်။ မှန်မျက်နှာပြင်ပေါ်မှာ ကြည့်မိမှ သနားစရာဆိုတဲ့ ကိုယ့်မျက်နှာကို သနားစရာအတိုင်း အမှန်မြင်မယ်လို့ သူက ဆိုလိုတာပါ။
သိပ်ဟုတ်တာပေါ့။ အမှန်ဆို လိုအပ်ချက်က တစ်ခုတောင် မဟုတ်ဘူး၊ တစ်ခုထက်တောင် ပိုနိုင်ပါသေးတယ်။ တကယ်တော့ စာနာတယ်..သနားတယ်ဆိုတာ
ကရုဏာရှုထောင့်က ကြည့်မှ ပေါ်ထွက်လာတာပါ။ အဲဒီလို ကရုဏာရှုထောင့်က ကြည့်ဖို့အတွက် မေတ္တာဓာတ်ခံ
ရှိဖို့လိုအပ်တယ်။ နောက်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြီးသနားတတ်ဖို့အတွက် သတိလည်း လိုသလို
အမှန်အတိုင်းသုံးသပ်နိုင်ဖို့အတွက် ဥာဏ်မရှိရင်လည်း မဖြစ်ဘူး။ ဒါကြောင့်
“ကိုယ့်ရဲ့အခြေအနေကို အမှန်အတိုင်း သုံးသပ်ကြည့်ရင်..”ဆိုတဲ့ စကားကို
ဦးဇင်းက ကြိုပြီး ထည့်ပြောထားတာပါ။ ဒီတော့ ကိုယ့်ကိုယ်ကို ပြန်ပြီး သနားတဲ့နေရာမှာ သတိနဲ့ ဥာဏ်ပညာက လိုအပ်နေတာ ထင်ရှားပါတယ်။
ကဲ.. ကိုယ့်ကိုယ်ကို ပြန်ပြီး သနားနေမိပြီ ဆိုပါတော့ ဘာဆက်လုပ်ရမလဲ....ကိုယ့်ကိုယ်ကို သနားနေလို့ ဘာထူးခြားလာသလဲ..ပေါ့။ ကိုယ့်ကိုယ်ကို သနားလာမိပြီဆိုရင် ဆက်လုပ်စရာတွေ အများကြီး ပေါ်ထွက်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဆက်လုပ်စရာတွေထဲမှာတောင် ဘယ်ဟာကို ဦးစားပေးပြီးလုပ်သင့်တယ် ဆိုတာကို ရွေးချယ်ဆုံးဖြတ် တတ်လာလိမ့်မယ်။ ထူးခြားတဲ့ပုံစံတွေဟာလည်း တစ်ဦးနဲ့တစ်ဦး မတူအောင်ကို ထူးခြားနေပါလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မိတ်ဆွေတို့သာ..အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ပြီးသနားတတ်အောင် မြင်ကြည့်လိုက်စမ်းပါလို့ တိုက်တွန်းပါတယ်။

No comments:
Post a Comment