Saturday, September 1, 2012

စေတနာနဲ့မေတ္တာ

မေတ္တာအခါတော်နေ့ကိုရောက်လာတော့ ဆရာ့ကို သတိရနေမိတယ်။
မနှစ်က ဒီလိုမေတ္တာအခါတော်နေ့မှာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့ရ ပါမောက္ခ ဒေါက်တာသိန်းဇံ (နန္ဒာသိန်းဇံ) ကွယ်လွန်ခဲ့ပါတယ်။ အဲဒီကွယ်လွန်မှုကြောင့် သာသနာ့တက္ကသိုလ် အသိုင်းအ၀ိုင်းဟာ အံ့သြထိတ်လန့်မှုထက် နှမြောတသသ ပိုပြီးဖြစ်ခဲ့ရတာကို သတိပြုမိပါတယ်။ 

ဆရာဟာ တက္ကသိုလ်သံဃာများရဲ့ မေတ္တာကို တောင့်တပြီး အလုပ်လုပ်ခဲ့တာ မဟုတ်ပေမဲ့ ဆရာ့ကို ချစ်ခင်လေးစားကြတဲ့ ရဟန်းတပည့်တွေထံက ဖြူစင်တဲ့မေတ္တာကို ဆရာရယူသွားတာ တကယ့်ကို အံ့သြ စရာပါပဲ။


ဆရာစရိုက်က ရိုးရိုးအေးအေး ပါပဲ။ လူတစ်ဖက်သားကို သြ၀ါဒပေးတာ ၀ါသနာ မပါဘူး၊ နားလည်မှုပေး တာကို ကျင့်သုံးတတ်သူ။
ဆရာကြီးစတိုင်နဲ့ ဟိတ်ဟန်ပါပါ ထည်ထည်ဝါ၀ါ မနေတတ်ဘူး၊ ဘယ်လိုလူနဲ့တွေ့တွေ့ တန်းတူရည်တူ ထားပြီး ပြောဆိုဆက်ဆံတတ်သူ။
စာတွေ့မှာ ဖြေရှင်းရမယ့် သုတေသနပြဿနာကို ရှာရှာဖွေဖွေ ဖော်ထုတ်ပြတတ်ပေမဲ့ လူမှုဆက်ဆံရေး မှာ ပြဿနာ မရှာတတ်သူ။
ဆန်းသစ်တဲ့ တွေးခေါ်မှုကို အမြဲတင်ပြခဲ့ပေမဲ့ ရှေးရိုးစွဲ ထေရ၀ါဒကို လက်ကိုင်ထားပြီး ဟန်ချက်ညီညီနဲ့ ထိန်းမတ်ပေးတတ်သူ။
တကယ်တော့ ဆရာ့ရဲ့ စိတ်စေတနာက အားလုံးအပေါ်မှာ သိစေချင် တတ်စေချင် နားလည်စေချင်တယ်။ သူ့စာကို ဖတ်ကြည့်ရင် ဒီစိတ်စေတနာဟာ ပေါ်လွင်နေတယ်။ စာသင်ခန်းထဲမှာ ကြုံဖူးသူတိုင်းဟာလည်း ဆရာ့ရဲ့ စိတ်စေတနာ ဘယ်လိုရှိနေတယ်ဆိုတာကို နားလည်နေကြတယ်။
စဉ်းစားမိသလောက်ပြောရရင် ဆရာက အားလုံးရဲ့အပေါ်မှာ သူသိသလို သိစေချင်တဲ့ စိတ်စေတနာထားလွန်းလို့ အားလုံးရဲ့မေတ္တာတွေကို သိမ်းကြုံးပြီး ခံယူလိုက်နိုင်တာဖြစ်မှာပါ....

No comments:

Post a Comment