Monday, May 7, 2012

အညတရ ညောင်ရေသွန်းပွဲ

ဒီနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အညတရ ညောင်ရေသွန်းပွဲကို ထောက်ကြန့် ဓမ္မပါရဂူကျောင်းတိုက် အတွင်းမှာရှိတဲ့ ဗောဓိညောင်ပင်မှာ ရေသွန်းလောင်းခြင်းဖြင့် လူမသိသူမသိ ကျင်းပ ခဲ့ကြပါတယ်။ ဗုဒ္ဓဂယာ ညောင်မျိုးစေ့ကို ပျိုးပြီးစိုက်ထားတဲ့ ဒီဗောဓိပင်ဟာ မနှစ်က ကဆုန်လပြည့်နေ့မှာ စိုက်ခဲ့တာဆိုတော့ တစ်နှစ်သားပဲ ရှိပါသေးတယ်။ 
အနီးနားမှာရှိတဲ့ အိမ်တွေက ညနေပိုင်းမှာ လာလောင်းနေတာကို တွေ့ရတယ်။
မယ်တော်ကြီးဒေါ်ဘီနှင့် ရဟန်းဒါယကာမကြီး ဒေါ်သင်းသင်းဆွေ
ဗုဒ္ဓပွင့်တော်မူခြင်း အထိမ်းအမှတ်နဲ့ ဗောဓိညောင်ပင်ကို ရေလောင်းပူဇော်ကြတာပါ။ ဗုဒ္ဓပွင့်တော်မူတာက ကဆုန်လပြည့်နေ့ပါ။ အဲဒီနေ့ဟာ ၀ိသာခါနက္ခတ်နဲ့ ယှဉ်ပါတယ်။ တကယ်တော့ ဖွားတော်မူတာလဲ ဒီ ၀ိသာခါ နက္ခတ် ပါပဲ။ ပရိနိဗ္ဗာန်စံတော့လဲ ဒီ ၀ိသာခါ နက္ခတ်ပါပဲ။ ဒါကြောင့် သီဟို၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ တို့မှာဆိုရင် Vesak Day (၀ိသာခါနက္ခတ်နဲ့ယှဉ်သော နေ့) ဆိုပြီး ဘုရားလောင်း မွေးနေ့ပွဲ ကျင်းပလေ့ရှိတယ်။

 
ံHappy Birthday Vesak..လို့ ဆိုပြီး ထေရ၀ါဒမဟာယာန ဂိုဏ်းပေါင်းစုံ စုပေါင်းပြီး ဗုဒ္ဓမွေးနေ့ပွဲ ကျင်းပနေတာကို ၂၀၀၆ခုနှစ်က ပီနန်ကျွန်းမှာ ကြုံခဲ့ဖူးတယ်။   တော်တော်ကြည်နူးဖို့   ကောင်းပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလိုမျိုး ကျင်းပဖြစ်အောင် ၀ိုင်းဝန်းလုပ်ဆောင် သင့်ပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့ကိုလည်း တစ်ခုခု လုပ်သင့်တယ်။ ဥပမာ- မြတ်ဗုဒ္ဓ နောက်ဆုံးမိန့်ကြားသွားတဲ့ စကားတော်ကို ရည်မြော်ပြီး  “အပ္ပမာဒေန သမ္ပာဒေထ” နေ့ (သို့မဟုတ်) “အပ္ပမာဒ” နေ့လို့ အမည်ပေးရင် ကောင်းမယ်။ ဖြစ်ချင်တာတွေ ပြောရတာ အရမ်းလွယ်ပါ၏။ ဖြစ်အောင်လုပ်ရတာက ခက်လှပါ၏။ ပရိနိဗ္ဗာန်စံနေ့ကို မလုပ်ချင်ရင်တောင် ဗုဒ္ဓမွေးနေ့ ကိုတော့ လုပ်ဖြစ်အောင် လုပ်ကြစေလိုပါကြောင်း......

No comments:

Post a Comment