Thursday, May 10, 2012

နွမ်းသမျှ အပန်းဖြေ မောင်းမကန် ကမ်းခြေ

ထားဝယ်ရောက်ရင် မောင်းမကန်ကို ရောက်အောင်သွားမယ်လို့ စိတ်ကူးထားတယ်။ ရေဖြူမှာ ဦးသုဒဿနနဲ့ ဦးသောဘနတို့ရဲ့ ဂုဏ်ပြုပူဇော်ပွဲကို ရောက်တုံး အကြောင်းရယ် ဖန်လို့  မောင်းမကန်ကို ရောက်ခဲ့ပြန်တယ်။

မောင်းမကန်မှ မျှော်ရစ်ဘုရားဖက်ဆီသို့


နေ၀င်ဖြိုးဖြ မောင်းမကန် အလှ

လိုက်ပို့သူက ပြောတယ်..၊
နေ၀င်ဖြိုးဖြ မောင်းမကန်အလှကို..ကြည့်ဖို့..တဲ့။ 
အမောလဲ ပြေ မောင်းမကန် အုန်းရေလည်း တိုက်ဦးမယ်..တဲ့။
အနှီစကားများ ကြားရတော့ နားဝမှာ ချိုလှတယ်။ မောင်းမကန် ဆိုတာက အထင်ကရ နေရာတစ်ခုပါ။ ငယ်ငယ်တုန်းက မောင်းမကန်ဆိုတာ လူရည်ချွန်တွေကို အပန်းဖြေဖို့ အစိုးရက ပို့ပေးတဲ့ နေရာတစ်ခုလို့ သိထားဖူးတယ်။

ပင်လယ်လှိုင်းများက မောင်မကန် ကမ်းခြေအလှကို ဖန်တီးကြတယ်
ကိုယ့်အလှ ကိုယ်ဖန် မောင်းမကန်
ဒီနေရာမှာ ဟိုခေတ်အခါက အလောင်းစည်သူမင်းကြီး ထားဝယ်ဖက်ကို တိုင်းခန်း လှည့်လည်ရင်း ဖောင်တော်နားခဲ့တယ် လို့ ထားဝယ် ရာဇ၀င်မှာ ဖော်ပြထားတယ်။ မောင်းမတွေ ရေချိုချိုးဖို့ ကမ်းခြေကို ဆင်းကြ၊ ရေကန်တူးခဲ့ကြလို့ “ မောင်းမကန်” လို့ ခေါ်ဝေါ်ခဲ့ကြကြောင်း လိုက်ပို့သူက စိတ်ပါလက်ပါ ရှင်းပြနေလေရဲ့။

နေလုံးနီနီ ရောင်ခြည်လျော့မြန်း စခန်းသိမ်းတော့မည်
 “ဘုန်းကြီး..၀ါသနာပါရင် မောင်းမကန်ရေကို ချိုးလိုက် ဆွေမျိုးကိုတောင်မေ့သွားမယ်” ..လို့ လိုက်ပို့သူက ပြောပါတယ်။ 
“ဆွေမျိုးကိုတော့ အမေ့မခံနိုင်ဘူး ဟေ့။ အုန်းရေပဲ သောက်ရင်း နားကြတာပေါ့”လို့ 
ဆရာတော်တစ်ပါးက အဖြေပေးတယ်။ 
“ဟုတ်တယ်။..အုန်းရေသောက်ရင်း နေလုံးကြီး ၀င်သွားတဲ့ အလှကို ကြည့်ရတာ အရသာ ရှိမယ်”..လို့ ပါလာသူ တစ်ဦးက ထောက်ခံလိုက်တော့ လိုက်ပို့သူတွေ အုန်းရေသောက်ဖို့ စီစဉ်ကြတယ်။ 


မောင်းမကန်ရေချိုး အလှတိုး..တဲ့ (မဟုတ်ဘူး ပင်လယ်ရေက ငန်၊ လေပူက တိုက်တော့ အသားမဲသွားတာပါ။)



ဘုန်းကြီးဦးက္ကန္ဒော ညတရားပွဲရှိလို့ ဘာမှ မခံစားနိုင်ဘူး
အား..ပါး..ပါး...တကယ်ကြည့်လိုက်တော့လည်း နေ၀င်ရီသရော အချိန်က သာသာယာယာနဲ့ အလွန် ကြည်နူးဖို့ ကောင်းလှပါလား။ တနေ့လုံး အရှိန်ပြင်းပြင်းနဲ့ တောက်ထိန်နေတဲ့ နေလုံးကြီးဟာ အရောင်မှေးမှိန်သွားပြီး နေလုံးနီနီကြီး အဖြစ်နဲ့ ပင်လယ်ထဲကို ငုပ်လျှိုးလို့ နေပါတယ်။ သူတို့က နေလုံးကြီး ပင်လယ်ထဲ ၀င်သွားပုံကို အမျိုးမျိုး အဖုံဖုံ ပြောပြရှင်းပြနေကြလေရဲ့။ သူတို့ စကားကောင်းနေတုံး 
 “ နေလုံးကြီး ပင်လယ်ထဲကို ၀င်သွားတာ ဟုတ်ရဲ့လား”   
လို့ မိမိက ၀င်မေးလိုက်မိပါတယ်။ ဒါကိုပဲ သူတို့က
 “နေ၀င်သွားတာ မဟုတ်ဘူးလား” လို့ပြန်မေးတယ်။ 
“အင်း..တကယ်တော့ နေလုံးကြီးက ဒီအတိုင်းပဲ နေတာ။ အထဲကို ၀င်သွားတာ မဟုတ်ဘူး။ ကျုပ်တို့သာ ၀င်သွားတာ”လို့ ဖြေလိုက်တော့ ၀ိုင်းရယ်ကြပါလေရော့ဗျာ။



 နက္ခတ္တဗေဒအရ နေစကြ၀ဠာမှာ နေက ရပ်တည်နေတယ်။ ကမ္ဘာအပါအ၀င် ဂြိုဟ်တွေ ကြယ်တွေက နေကို ပတ်နေကြတယ်လေ။ ကမ္ဘာက ကိုယ့်ဝန်ရိုးပေါ်မှာ တစ်နေ့ကို တစ်ပတ် ပတ်နေတယ်။ အဲဒီလို ပတ်နေရင်း နေကိုလဲ ပတ်နေတာပါ။ ကမ္ဘာဟာ နေကို တစ်ပတ် ပတ်ဖို့အတွက် ၃၆၅ ရက် နဲ့ ၆ နာရီ ကြာတယ်။ တစ်နည်းအားဖြင့် ၃၆၅ ပတ် ပတ်ပြီးမှ နေကို တစ်ပတ် ပတ်မိသွားတာပါ။ နေကို ပတ်နေရင်း ကမ္ဘာပေါ်မှာ နေရတဲ့ကိုယ်က ၀င်လိုက် ထွက်လိုက် ဖြစ်နေတာပါ။ ဒါကို သတိမထားမိရင် မနက်ဖက်ဆို နေက ထွက်လာတယ်။ ညနေဆို နေက ၀င်သွားတယ်..လို့ ထင်မိမှားတတ်တယ်။



တခါတလေ လောကမှာ ပြောနေကြတာတွေက စကားအမှားတွေ ပြောင်းပြန်တွေ ဖြစ်နေပါတယ်။ တကယ့် အဖြစ်မှန်တွေနဲ့ ပြောင်းပြန် ဖြစ်နေ တတ်တယ်။ ပြောင်းပြန်ထင်နေတဲ့ လောကကြီးမှာ ပြောင်းပြန် ဖြစ်နေမှန်း မသိတော့ အမှန်အတိုင်း ပြောလို့ နားမလည်ဘူး။ ပြောင်းပြန်ပြောမှပဲ နားလည်သဘောပေါက်တယ်။ နေထွက်လာပြီ၊ နေ၀င်သွားပြီ လို့ မပြောဘဲ ငါတို့ ထွက်လာပြီ၊ ငါတို့ ၀င်သွားပြီလို့ ပြောရင် ရယ်စရာ ဖြစ်နေလိမ့်မယ်။ 
အဲဒီတော့ တခါတလေ ပြောင်းပြန်ထင်နေတဲ့ လောကကြီးကို ပြောင်းပြန် စကားတွေနဲ့ ပြောပြမှ အလွယ်တကူ နားလည်ကြတယ်။ သစ္စာတရား၊ အမှန်တရားနဲ့ ပတ်သက်လာရင် ပြောင်းပြန် ထင်နေတဲ့ လောကကြီးကို ပြောင်းပြန် စကားတွေနဲ့ ပြောပြဖို့ဆိုရင် တော်တော်ခက်မှာပဲလို့ စဉ်းစားမိပါတယ်။
အော်...ဗုဒ္ဓ.. ဗုဒ္ဓ..ဗုဒ္ဓ...။ သစ္စာတရား၊ အမှန်တရားနဲ့ ပတ်သက်လာရင် ပြောင်းပြန် ထင်နေတဲ့ လောကကြီးကို  နားလည် သဘောပေါက်အောင် ရှင်းလင်းဟောပြတော် မူနိုင်တဲ့ မြတ်ဗုဒ္ဓကို အကြိမ်ကြိမ် ဦးညွှတ်မိပါရဲ့။

အဲဒီနေ့ ညနေက အုန်းစိမ်းရေ ချိုချိုလေးနဲ့ ရှုမောမ၀ မောင်းမကန် အလှကို ငေးမိရင်း......

အမှောင်မောဟကြောင့် ဘ၀အမောနဲ့အတူ ပင်ပန်းနွမ်းနယ်နေကြသူတွေ မောင်းမကန်ကမ်းခြေကို အပန်းဖြေ  ရောက်လာတဲ့အခါ လောကကြီးကို ပြောင်းပြန် မမြင်ကြဖို့အကြောင်း နေလုံးကြီးကို သက်သေပြုပြီး အကူအညီတောင်းမယ်လို့ စိတ်ကူးမိပါတယ်။

တစ်ဆက်တည်းမှာပဲ ကိလေသာအနွမ်းတွေကြောင့် ပင်ပန်းနေသူများ မောင်းမကန် ကမ်းခြေ မှာ ရေချိုးရင်း နွမ်းသမျှတွေပြေသွားချင်ရင်ဖြင့် အတွေးဟောင်း အယူအဆဟောင်းတွေကို ဖယ်နိုင်သမျှဖယ်ပြီး အမှန်တရားဆေးလည်း သောက်ဖို့ လိုသေးတယ် လို့ မှာချင်စိတ်များ ဖြစ်နေမိပါတယ်။

No comments:

Post a Comment