ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာ၊ မျှော်ရစ်ဘုရား
 |
မျှော်ရစ်ဘုရား အနောက်ဖက်က ကျောက်တုံးများ |
အခုတစ်ခေါက်က မျှော်ရစ်ဘုရားကို ဒုတိယမြောက် ဖူးမြင်ခြင်းပါ။ ယခင် ဆယ်နှစ်လောက်က တစ်ခါရောက်ဖူး ပါတယ်။ နှစ်ကြိမ်စလုံး ဦးသုဒဿန(ရေဖြူ) ပင့်လို့ပါ။ ရောက်နေကျ နေရာများဖြစ်တဲ့ ထားဝယ်မှာ ရှိတဲ့ ရှင်ကိုးရှင် ဘုရားစုံ၊ မောင်းမကန်၊ ရေပူစမ်းတို့နဲ့အတူ မျှော်ရစ် ဘုရားကိုလဲ ရောက်ခဲ့ပါတယ်။
 |
မျှော်ရစ်ဘုရားနဲ့ ကျောက်တုံးများ |
မျှော်ရစ်ဘုရားက မောင်းမကန်ကမ်းခြေရဲ့ တောင်ဖက် မိုင်၂၀ လောက်မှာ တည်ရှိပါတယ်။ ဘင်္ဂလား ပင်လယ်အော်ဖက်ကို အစွန်းထွက်နေတဲ့ အငူတစ်ခုပေါ်မှာ တည်ထားတာပါ။ ဟိုခေတ်တုံးက ဘုရားကို ဘယ်လိုရောက်အောင် သွားကြသလဲမသိဘူး။ အခုတော့ ကျောက်တံတားနဲ့ အလွယ်တကူ သွားလို့ရ တယ်။ မျှော်ရစ်ဘုရားဟာ ကျောက်ဆောင် ကျောက်သားတွေပေါ်မှာ တည်ထားတာဆိုတော့ ဘေးပတ် ပတ်လည်မှာ ကျောက်တုံးများက ၀န်းရံထားသလို ဖြစ်နေပါတယ်။
 |
မျှော်ရစ်ဘုရား |
ပင်လယ်နားက
ကျောက်တုံးဆိုတာ ပင်ကိုယ်က ကျောက်တုံးဟုတ်ဟန် မတူဘူး။ ရေမြေသဘာဝက ဖန်တီးထားတဲ့အတိုင်း
မြေသား မြေစိုင်တွေ ကျောက်စရစ်နဲ့သဲတွေ ဖုံးလွှမ်းထားတဲ့ အရာတစ်ခု ဖြစ်ခဲ့မှာပါ။ ပင်လယ်ကမ်းခြေနား
အနီးမှာ ရှိတာဆိုတော့ နေ့စဉ် ပင်လယ်ရေရဲ့ တိုက်စားမှုကို ခံရမယ်။ ပင်လယ် ဒီလှိုင်းများရဲ့
အတက်အဆင်းဒဏ်ကိုလည်း ခံစားရမယ်။ ဥတုမရွေး လေပြင်းများရဲ့ သယ်ဆောင်လာတဲ့ လှိုင်းဒဏ်ကိုလည်း အလူးအလဲ
ခံခဲ့ရတယ်။ ရေရဲ့တိုက်စားမှုကြောင့် ကြံ့ကြံ့မခံနိုင်တဲ့ မြေဆီမြေလွှာများ၊ သဲ ကျောက်စရစ်တို့ဟာ
ပင်လယ်ရေနဲ့အတူ တဖြည်းဖြည်း မျောပါသွားကြတယ်။ မခံနိုင်တာတွေ လွှင့်ပါးသွားလေတော့ ခံနိုင်တဲ့
ကျောက်သားများကပဲ မြင်တွေ့နေရတဲ့အတိုင်း ကျန်ရစ်နေခဲ့ကြတာပေါ့။
 |
မျှော်ရစ်ဘုရားပေါ်မှ ကမ်းခြေမြင်ကွင်း |
 |
မျှော်ရစ်ဘုရား အနောက်တောင်ဖက် ကမ်းခြေ |
ဘုရားအနီးအနားမှာ ရှိနေတဲ့ ကျောက်တုံးများဟာ ပင်လယ်ရေရဲ့
အမျိုးမျိုးစမ်းသပ်မှုကို ခံယူခဲ့ကြ ပြီးပါပြီ။ ကျောက်တုံးတွေ ကြွင်းကျန်ခဲ့ရာမှာ
တစ်လုံးနှစ်လုံး မဟုတ်ဘူး။ အများကြီး စုဝေးပြီး ကျန်ရစ် ခဲ့ကြတာပါ။ အချို့က သေးသေး၊
အချို့က ကြီးကြီးပေါ့။ တစ်စုတစ်ဝေးနဲ့ ကြွင်းကျန်ရစ် ခဲ့ကြ လို့ မျှော်ရစ်ဘုရားဆိုတာ
တည်ရှိနေနိုင်တာပါ။ ကျောက်တုံးတစ်တုံး ရှိနေခြင်း ဟာ မျှော်ရစ်ဘုရားအတွက် ထောက်တည်ရာ
တစ်ခုပါပဲ။ ရေဒဏ်ကိုခံနိုင်တဲ့ ကျောက်တုံး လုံလုံလောက်လောက် ရှိနေပြီဆိုရင်တော့ မျှော်ရစ်ဘုရား
ရေရှည်တည်တံ့ဖို့ ဖြစ်လာမှာပါ။
 |
မျှော်ရစ်ဘုရားနံဘေးက ကျောက်တုံးပေါ် |
ရေဒဏ်ကို
ခံနိုင်တဲ့
ကျောက်တုံးဟာ လောကဓံကို ခံနိုင်ရည်ရှိတဲ့ သူတော်သူမြတ်နဲ့ အလားသဏ္ဍာန်
တူလွန်းလှပါတယ်။
လူတစ်ယောက် လောကဓံကို ခံနိုင်ခြင်းဟာ အဲဒီလူရဲ့ မိသားစု တည်ရှိနေဖို့အတွက်
အထောက်အပံ့
ဖြစ်နိုင်ပါတယ်။ အဲဒီလိုလူမျိုး များများရှိရင်တော့ သူတို့နဲ့သက်ဆိုင်ရာ
နယ်ပယ် အသီးသီးအတွက် ကောင်းစွာရပ်တည်နိုင်ဖို့အတွက် အထောက်အပံ့ ဖြစ်စေမှာ
မလွဲပါဘူး။
သာသနာဖက်ကို ကြည့်ရင်လည်း တွေ့ကြုံလာတဲ့ အခက်အခဲကို
အောင်မြင်စွာ ရင်ဆိုင်နိုင်တဲ့ ရဟန်းတစ်ပါးရှိရင်
သာသနာတော် တည်တံ့ဖို့အတွက် အထာက်အပံ့ ဖြစ်နိုင်ပါတယ်။ ကျောက်တုံးကျောက်ဆောင်ပမာ သူတို့တွေ လောကဓံကို
အောင်မြင်စွာ ရင်ဆိုင်ပြီး တည်ရှိနေခြင်းဟာ လောကကို အလှဆင်နေခြင်း
ဖြစ်တယ်လို့ ဆိုနိုင်ကောင်းလေရဲ့။ သက်ဆိုင်ရာ နယ်ပယ်တိုင်းမှာ
မျှော်ရစ်ဘုရားနားက သဘာဝ အတွေ့အကြုံ ရင့်ကျက်တဲ့ ကျောက်တုံးများလို ကြုံလာတဲ့လောကဓံအခက်အခဲများကို
မတုန်မလှုပ် ရင်ဆိုင်နိုင်သူများ ရှိနေမယ်ဆိုရင် ဘယ်လောက်များ
ကောင်းလိုက်မလဲ..လို့ တွေးမိပါတယ်။
လောကဓံကို ခံနိုင်သူတွေ အများကြီး ရှိနေမယ်ဆိုရင် သက်ရှိလောကမှာရှိတဲ့ ပတ်ဝန်းကျင် အသီးသီးကို ကာကွယ်ရာ ရောက်နေတာမို့ လောကဓံကြုံရင် တုန်လှုပ်မှု ကင်းကင်းနဲ့ ကျောက်တုံးများလို ကြိုးစားပြီး
ကြံကြံခံနေနိုင်အောင် ကြိုးစားကြရမှာပါ။
ကျောက်တုံးကို
ဒီလှိုင်း ရိုက်ခတ်လိုက်လို့ “၀ုန်း”ဆိုတဲ့အသံ ကြားလိုက်တိုင်း လောကဓံနဲ့ကြုံလာရင် ကြံကြံခံနေနိုင်အောင်
ကြိုးစားပြီး အောင်မြင်အောင် ရင်ဆိုင် ကျော်လွှားပြလိုက်ပါ .... လို့ ကျောက်တုံးများက ပြောပြနေသယောင်
ထင်မိပါတယ်။
 |
ကျောက်တုံးများနဲ့ ဖွဲ့စည်းထားတဲ့ မျှော်ရစ်ဘုရားကုန်းတော် |
No comments:
Post a Comment