Monday, December 5, 2011

အင်းလေးအလှ တွေးဆဖွယ်ရာ

ဖန်တီးသူက တခြား၊ ခံစားသူက တခြား ဖြစ်နေသလိုပဲ
  • အင်းလေးကို ဒီတစ်ခေါက်ရောက်တော့ စိတ်ထဲမှာ စဉ်းစားမိလာတယ်။
  • လှေကလေးတွေကို ခြေနဲ့လှော်တဲ့ပုံရိပ်မျိုးဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ဓလေ့ထုံးစံဖြစ်လို့ အင်လေးရဲ့ ကိုယ်ပိုင်အမှတ်အသားလို့ ပြောနိုင်ပါတယ်။ အင်းသူအင်းသားများ အသုံးပြုတဲ့ လှေကလေးတွေကလည်း ဒေသနဲ့ကိုက်ညီအောင် ဖန်တီးထားတဲ့ ကိုယ်ပိုင်ပုံဟန်၊ ကိုယ်ပိုင်စတိုင်တွေပါပဲ။ ဒါတွေကို ပြည်တွင်းပြည်ပ ခရီးသွားဧည်သည်တွေက အမှတ်တရအဖြစ် ဓာတ်ပုံများ ရိုက်ယူကြတယ်။ ဧည်သည်အကြိုက် ပုံရိပ်များပေါ့။
  • အကယ်၍များ အင်းသူအင်းသားတွေ စီးပွားရေးအခြေအနေတိုးတက်လာရင် ဒီလိုလှေကလေးတွေကို အသုံးပြုကြဦးမှာလား။ ခြေထောက်တွေနဲ့ လှော်ကြခတ်ကြဦးမှာလား။
  • တကယ်တော့ သူတို့တွေ အင်းရေပြင်ပေါ်မှာ ခြေထောက်နဲ့ လှော်ခတ်ပြနေကြတာဟာ အလှအပ ပြနေကြတာ မဟုတ်ပါဘူး။ လှေပေါ်မှာ အုပ်ဆောင်းဆောင်ပုံကို တင်ပြီး လှေခတ်နေကြတာဟာ အင်းသားတွေရဲ့ အလှတရား ဟု ထုတ်ပြနေကြတာ မဟုတ်ပါဘူး။ တကယ့်လက်တွေ့က သူတို့နေ့စဉ်ဘ၀ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာပါ။ သူတို့ ရုန်းကန်နေရတဲ့ ဘ၀ပုံရိပ်တွေကိုပဲ ကြည့်ရှုမြင်တွေ့ရသူတို့က နှစ်သက်ဖွယ်ရာ အလှအပတရားအဖြစ် ခံစားသွားကြတာပဲလို့ ထင်မိတယ်။

အင်းသားတို့ ချမ်းသာလာလျှင်..လှေလှော်ကြဦးမလား
  • နိုင်ငံဖွံဖြိုးတိုးတက်လာလို့ စီပွားရေးအဆင်ပြေလာကြရင် အင်းသားတွေ လှေကလေးကို ခြေထောက်နဲ့ လှော်ကြမှာ မဟုတ်တော့ပါဘူး။ လှေကလေးနဲ့လည်း ငါးရှာကြမှာ မဟုတ်တော့ပါဘူး။ လှေပေါ်မှာ စက်ငယ်လေးတွေ တပ်ဆင်ပြီး လိုရာခရီးကို သွားချင်လည်း သွားကြမယ်။ ခေတ်မီတဲ့နည်းစနစ်တွေနဲ့ ငါးဖမ်းချင်လည်း ဖမ်းလာကြလိမ့်မယ်။ တိုးတက်ဖွံ့ဖြိုးလာခြင်းနှင့်အတူ မိရိုးဖလာ ယဉ်ကျေးမှုဆိုင်ရာပုံရိပ်များဟာလည်း ပြောင်းလဲသွားချင်လည်း ပြောင်းလဲသွားနိုင်တယ်။ ကွယ်ပျောက်သွားချင်လည်း ကွယ်ပျောက်သွားနိုင်ပါတယ်။

ဒီလိုပုံရိပ်တွေဟာ အင်းသားတို့ရဲ့ စီးပွားရေးကို ဖော်ပြနေသလိုပဲ

  • အင်းသူအင်းသားအားလုံး စီးပွားရေးတိုးတက်လာရင် အင်းလေးရဲ့ ပုံရိပ်တွေဟာ ပြောင်းလဲကွယ်ပျောက်သွားမှာ သေချာပါတယ်။ ဒီလိုဆိုရင် နှောင်းလူတွေဟာ ခြေထောက်နဲ့ လှော်ခတ်နေတဲ့ အင်းလေးသားတွေရဲ့ အလှအပကို မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ပါဘူ။။ ပြောင်းလဲခြင်းနိယာမအောက်မှာ ယဉ်ကျေးမှုဓလေ့ထုံးစံ ကွယ်ပျောက်သွားတာဟာ ယဉ်ကျေးမှုရှုထောင့်ကကြည့်ရင် ဆုံးရှုံးမှုတစ်ခုအဖြစ် ယူဆလို့ရပေမဲ့ အင်းသူအင်းသားများ ဘ၀တိုးတက်သွားခြင်းအတွက် ၀မ်းသာရမှာ ဖြစ်ပါတယ်။ ဒီအချိန်ကိုရောက်ရင် အခု မြင်တွေ့နေကြရတဲ့ အင်းလေးအလှ အင်းလေးပုံရိပ်တို့ကို မြင်တွေ့ကြရမှာ မဟုတ်တော့ပါဘူး။ စာအုပ်ထဲမှာပဲ ဖတ်ရှုကြရတော့မှာပါ၊ ဓာတ်ပုံထဲမှာပဲ မြင်တွေ့ခွင်ရကြတော့မှာပါ။

အင်းသားတို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စွမ်းရှိကြပါစေ


  • အကယ်၍များ အင်းသူအင်းသားတွေရဲ့ စီပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်တော့ အင်းလေးအလှ အင်းလေးပုံရိပ်တွေဟာ ဒီအတိုင်းပဲ ဧည်သည်အကြိုက်ပုံစံနဲ့ တည်ရှိနေဦးမှာပါပဲ။ ယဉ်ကျေးမှုရှုထောင့်အရ နှစ်လိုဖွယ် ကျေနပ်ဖွယ် အပန်းဖြေဖွယ်ရာ ဖြစ်နေပေမဲ့ အင်းသူအင်းသားတွေရဲ့ တိုးတက်မှုရှုထောင့်ကကြည့်ရင် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေကြရတဲ့အဆင့်က တက်နိုင်ကြတော့မှာ မဟုတ်ပါဘူးလို့ ဆိုလိုရာရောက်နေပါတယ်။

အင်းသားတို့ ကြီးပွားတိုးတက်ကြပါစေ
  • တစ်ဖက်က စဉ်းစားကြည့်ရင် စီးပွားရေးကို တိုးတက်ကြီးပွားအောင် လုပ်ကြမယ်။ အင်းလေးယဉ်ကျေးမှုကိုဟူသမျှကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းကြမယ်ပေါ့။ ဒီလိုဆိုရင် ဧည်သည်ရောက်တိုင်း ဘယ်သူက ခြေထောက်နဲ့ အမြဲလှော်ခတ် ပြကြမှာလဲ။ ဧည့်သည်လာတဲ့အချိန်မှာ ဘယ်သူက မိုးထဲလေထဲမှာ အုပ်ဆောင်းနဲ့ ငါးဖမ်းပြကြမှာလဲ။ အဆင်ပြေအောင် အင်းသားတို့ ထင်သာမြင်သာရှိအောင် လေ့ကျင့်ပြီး သဏ္ဍာန်လုပ်ကြရတော့မယ်။ ဒီလိုနည်းနဲ့ ထိန်းပေးထားလို့ ရတယ်။ ဒီလိုမျိုး သဘာဝမကျသော ယဉ်ကျေးမှု၊ သဏ္ဍာန်လုပ် သရုပ်ဆောင်ရသောယဉ်ကျေးမှုနဲ့ ထိန်းပေးထားကြရမှာပေါ့။ ဒီလိုဆိုရင် အင်းလေး ယဉ်ကျေးမှု ကတော့ မပျောက်မပျက်သွားဘူး။ သဏ္ဍာန်လုပ်ယဉ်ကျေးမှုနဲ့ ထိန်းပေးထားမယ်။ အကျိုးဆက်ကို စဉ်းစားကြည့်မိတာက သဏ္ဍာန်လုပ် ယဉ်ကျေးမှုပေါ်လာပြီဆိုရင် သဘာဝယဉ်ကျေးမှုကတော့ ကွယ်ပျောက်သွားတတ်ပါတယ်။.......

ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ
  • အခုတော့ အင်းလေးဒေသကို ထိုင်ဝမ်နိုင်ငံရှိ လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့က အင်းလေးသံဃာ အပါး ၇၀၀ ကို (၄-၁၂-၂၀၁၁) နေ့ နံနက်ပိုင်းအချိန် အင်းလေးရေပြင်တွင်လှူဒါန်းဖွယ်ရာများ လှုဒါန်းတဲ့ပွဲမှာ မိမိတို့က စက်တပ်လှေကို စီးနင်းလျက် ခြေထောက်နဲ့ လှော်ခတ်နေတဲ့ အင်းလေးအလှကို ခံစားနေမိရင်း ဆုတောင်းမေတ္တာများ ပို့သမိပါတယ်။ အင်းသူအင်းသားများ စီးပွားရေး တိုးတက်လာကြပါစေ။ ခက်ခဲကြမ်းတမ်းစွာ ရှာဖွေလုပ်ကိုင်နေရသောဘ၀မှ ရုန်းထွက်နိုင်ကြပါစေ။ အင်းသူအင်းသားများပိုင်ဆိုင်သော ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ကြပါစေလို့ တောင်းဆုချွေနေမိပါတယ်။ ဘယ်အရာမဆို နောင်လာမယ့် အနာဂတ်ကို အကောင်းကိုချည်းမြော်လို့ မရသလို အဆိုးချည်းကိုလည်း မြော်မှန်းလို့ မရပါဘူး။  တကယ့်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ အင်းလေးသဘာဝ အင်းလေးအလှအပ အင်းလေးယဉ်ကျေးမှုများကို ဘယ်လောက်အထိ ထိန်းသိမ်း စောင့်ရှောက်နိုင်မလဲဆိုတာကတော့ အင်းသူအင်းသားတို့ရဲ့ ဆင်ခြင်တုံအသိတရားနဲ့ ပဓာန သက်ဆိုင်နေလိမ့်မယ်လို့ ထင်မိပါတယ်။
  • (အင်းလေးမှာ ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေက အများကြီး ဖြစ်ပါတယ်။ တွေ့ကြုံခဲ့သမျှသော ယဉ်ကျေးမှုဆိုင်ရာများမှ လှေနဲ့သက်ဆိုင်တာကိုပဲ ရွေးချယ်ကောက်နှုတ် တွေးဆကြည့်ခြင်းဖြစ်ပါတယ်။)
ဦးထေရာသဘ

No comments:

Post a Comment