Monday, November 21, 2011

လုံခြုံရေး

အခုတလောမှာ ဟိုလမ်းပိတ်၊ ဒီလမ်းပိတ်၊ ဟိုဟာ မလုပ်ရ၊ ဒီဟာ မယူရ၊ ဒီက မသွားနဲ့..စတဲ့စတဲ့ တားမြစ်ချက်တွေ မြင်ရကြားရတာ များလာတယ်။ စဉ်းစားကြည့်မိတာက လုံခြုံရေး-ဆိုတဲ့ဝေါဟာရ ဘာကြောင့်များ ရှိလာရတာလဲ။ 
သိတဲ့အတိုင်းပဲလေ - ဒီခေတ်မှာက လုံခြုံရေးဆိုတာကို ပိုပြီးသုံးစွဲလာကြသလို ပိုပြီးတော့လည်း ဂရုထားလာကြတယ်။ လုံခြုံရေးအတွက် လူအားကို သုံးရတယ်၊ လိုအပ်ရင် ခေတ်မီပစ္စည်း အသုံးပြုရတယ်။ လူသုံးရင် အနည်းဆုံး ရေတိုက်ရမယ်၊ ထမင်းကျွေးရမယ်။ ခေတ်မီပစ္စည်းသုံးရင် သုံးသလောက် ကုန်ကျစရိတ်မြင့်မားမယ်။ ရလိုတဲ့အကျိုးဆက်ကတော့ လုံခြုံမှုရှိရင် ပြီးရောပေါ့။ ဒီတော့ မလုံခြုံလို့ လုံခြုံအောင်လုပ်ကြရင်းနဲ့ လုံခြုံရေးဆိုတာ ပေါ်လာရတာပါ။ 
ဘာကြောင့် မလုံခြုံရတာလဲ။ လိုရင်းကို တိုတိုရှင်းရှင်းဖြေရရင် ဘေးရန်ရှိလို့ မလုံခြုံတာ ဖြစ်မှာပေါ့။ ဘေးရန်ဆိုတာကလည်း အခက်သား။ ဘယ်ကနေ ဘယ်လို ပေါ်လာမယ်ဆိုတာ မှန်းဆရခက်တယ်လေ။ သဘာဝပယောဂကြောင့်ဖြစ်တဲ့ဘေးကို လုံခြုံရေးချတာ နည်းပါးပေမယ့် လူ့ပယောဂကြောင့် ဖြစ်လာနိုင်တဲ့ ဘေးကိုမဖြစ်စေချင်လို့ လုံခြုံရေးချတာက များပါတယ်။ လူ့ပယောဂကြောင့် ဖြစ်လာနိုင်တဲ့ဘေးဆိုတာ ဘက်အားဖြင့် ပြောရရင် မိမိမှတစ်ပါး အခြားသောလူတို့ကြောင့် ဖြစ်လာနိုင်တာလေ။ အခြားသော လူကြောင့် ဖြစ်လာနိုင်သောဘေးတွေရှိလို့ မလုံခြုံတာပေါ့။ တကယ်ပြန်စစ်ကြည့်ရင်  မိမိပယောဂ ကြောင်လည်းဘေးရန်ဆိုတာ ရှိလာတတ်ပါတယ်။ ဥပမာ- ကိုယ်က သူတစ်ဖက်သားကို စော်ကားခဲ့ရင် ၊ အနိုင်အထက် ပြုမူခဲ့ရင်၊ မတရားဆောင်ရွက်ခဲ့ရင် တစ်ဖက်သားကလည်း အခွင့်အရေးရရင် ပြန်ပြီးတော့ တုန့််ပြန်ပြီး ဘေးဥပါဒ်ဖြစ်အောင်  ကြိုးစားကြတာပဲ မဟုတ်လား။ ကိုယ့်ဖက်က လွန်ခဲ့လို့ တစ်ဖက်သားက ကျေနပ်မှု မရှိရင် ဘေးရန်ဆိုတာ ဖြစ်လာတတ်တယ်လေ။ ဒါကိုလည်း သဘောပေါက်ဖို့ လိုအပ်တယ်။ ဒါကြောင့် အကယ်၍ မလုံခြုံတာဟာ မိမိပယောဂနဲ့ သက်ဆိုင်နေတယ်ဆိုရင် ရှက်စရာအဖြစ် မှတ်ယူပြီး သင်္ခန်းစာ ယူတတ်ရမယ်။

တကယ်တော့ မကျေနပ်မှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ တုန့််ပြန်မှုကို မလိုလားရင် ကိုယ်က အစကတည်းက မျှမျှတတ ကျင့်သုံးဖို့ လိုအပ်ပါတယ်။ တရားနှင့်အညီ နေထိုင်ခဲ့ဖို့ လိုအပ်ပါတယ်။ ငါတကော ကောမှုတွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။
လုံခြုံရေးအတွက် ချထားတိုင်းချထားတိုင်း မလုံခြုံဖူးဆိုတာ ပေါ်လွင်နေတယ်။ ဘေးရန်တွေ ရှိနိုင်တယ် ဆိုတာလည်း ပေါ်လွင်နေတယ်။ မတရားမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ မပြောသော်လည်း ပြောသကဲ့သို့ ဖြစ်နေတယ်။ ယခင်က မနာလိုအောင် ပြုမူမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ ထင်ရှားနေတယ်။ လုံခြုံရေးဆိုတာကို တွေ့တိုင်း မလုံခြုံနိုင်စရာ အကြောင်း ငါ့မှာ ဘာတွေ ရှိနေသလဲဆိုတာ ဆန်းစစ်သင့်ပါတယ်။
သင်ရော လုံခြုံရေးကို အသုံးပြုနေပါသလား။
ဦးထေရာသဘ

No comments:

Post a Comment