Friday, February 1, 2013

ရေလှောင်ကန်

ဒီရေလှောင်ကန်က ဆယ်ပေပတ်လည်၊ အနက်လည်း ဆယ်ပေ ရှိတယ်။
အတွင်းအပြင်ပတ်လည်ကို ကြွေပြားကပ်ပြီး အမိုးမိုးထားပါတယ်။
ဒီရေလှောင်ကန်ကို သင်္ဃန်းကျွန်း၊ မလိခအိမ်ရာက ကိုကျော်ကျော်+မခင်စန္ဒာခိုင် မိသားစုက လှူဒါန်းထားတာပါ။
ကာလတန်ဖိုး ၁၅ သိန်းခန့် ကုန်ကျပါတယ်။ အလှူရှင်များရဲ့အလှူကို ၀မ်းမြောက်ဖွယ်ရာအဖြစ် အမှတ်တရ ဖော်ပြလိုက်ပါတယ်။


၂၀၁၃ ဇန်န၀ါရီ ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း

တဖြည်းဖြည်း ဖြည့်သူများ ၀င်လာလို့ ကျောင်းပုံစံက ပုံပေါ်လာတယ်။
ဆေးမသုတ်ဘဲ ကြွေပြားပဲ ကပ်ကြည့်လိုက်တာ အဆင်ပြေသလိုပဲ။

စည်းမျဉ်းခံများအထံမှ အပြန်...


(၁)စည်းမျဉ်း၊စည်းကမ်း၊ဥပဒေ၊ဘောင်..ဆိုတာတွေ ရှိသင့်ပါတယ်။
ဒါပေမဲ့ အလုပ် လုပ်လို့ မဖြစ်တဲ့စည်းမျဉ်းဆိုရင်... အလုပ်ကို နှောင့်နှေးစေတဲ့ စည်းမျဉ်းဆိုရင်.. လက်မခံလိုပါဘူး၊ ဒီအခြေအနေမျိုးကို ဘယ်လိုမှ နှစ်သက်လို့ မရပါဘူး။

(၂)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းရှိမှ လုပ်တတ်သူထက်စာရင် စည်းမျဉ်းစည်းကမ်းမရှိပဲ အလုပ်ကို အောင်မြင်အောင် လုပ်သွားတတ်သူက ပိုလို့တောင် ချီးကျူးဖွယ်ကောင်းသေးတယ်..လို့ တွေးထင်နေမိတယ်။

(၂)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ လုပ်စရာပေါ်နေတဲ့အလုပ်ကို အရင်မလုပ်ဘဲ စည်းမျဉ်းကို တောင့်တ. စည်းမျဉ်းကို ချမှတ်ဖို့လုပ်နေရင်
လုပ်နေရင်း...လုပ်နေရင်းနဲ့... စည်းမျဉ်းခံဘ၀ကို ရောက်မှန်းမသိ ရောက်သွားတတ်တယ်။

(၃)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ လိုအပ်တဲ့အချိန်မှ လိုအပ်သလို ကျင့်သုံးသင့်တယ်ဆိုတာကို အမှတ်ရသင့်တယ်။ သာသနာ့သမိုင်းမှတ်တမ်းမှာ မြတ်ဗုဒ္ဓဟာ ၀ါနှစ်ဆယ်လွန်မှ ရဟန်းတွေအတွက် ၀ိနည်းစည်းကမ်းတွေကို ချမှတ်ပေးခဲ့တာကို သတိမူသင့်တယ်လို့ စဉ်းစားမိပါတယ်။

(၄)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းကို အရင်မလုပ်ဘဲ လူပီသတဲ့စိတ်နဲ့ လုပ်သင့်တာကို လုပ်ကြည့်ရင်း လုပ်ကြည့်ရင်းနဲ့ အများစုအကျိုးယုတ်စေမဲ့လုပ်ရပ်တွေကို ရှောင်ရှားနိုင်တဲ့စည်းကမ်းကို တဖြည်းဖြည်း ချမှတ်သွားတာက ပိုကောင်းလိမ့်မယ်..လို့ ထင်မိနေတယ်။

(၅)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ လူလုပ်တဲ့စည်းမျဉ်းကြောင့် လူတွေကို ဒုက္ခမရောက်ဖို့ ရှောင်ရမယ်။
လူလုပ်တဲ့စည်းကမ်းကြောင့် လူတွေကိုအကျပ်အတည်း မဖြစ်ဖို့ ရှောင်ရမယ်။
လူလုပ်တဲ့ဥပဒေကြောင့် လူတွေကို နှိပ်စက်ရာမရောက်ဖို့ ရှောင်ရမယ်။
လူလုပ်တဲ့ဘောင်ကြောင့် လူတွေရဲ့ တိုးတက်မှုကို အဟန့်အတား မဖြစ်အောင် ရှောင်ရတယ်။.. ရှောင်နေရမယ်...ရှောင်ကြည့်နေရမယ်..

ဟူး...ကောင်းမွန်တဲ့စည်းမျဉ်းတွေ ချမှတ်ဖို့ အချိန်တွေ အများကြီး ရင်းနှီးနေရင်း တန်ဖိုးရှိတဲ့အချိန်များ...ပြန်မရတော့မဲ့အချိန်များ.. အများကြီးကုန်လွန်သွားမှဖြင့် (အမျိုး၊ဘာသာ၊သာသနာ၊နိုင်ငံအတွက်) လုပ်စရာရှိတာတွေ အချိန်မီ မလုပ်မိမှာကို စိုးမိပါရဲ့။

Tuesday, December 25, 2012

ခရစ်စမတ်အကြို မြင်ကွင်း

ကျောင်းဆောင်ကို ဆေးသုတ်ဖို့တွက်ကြည့်တော့ ဆေးဖိုးနဲ့ဆေးသုတ်ခ မနည်းလှ။ ကိုကျော်ထင်(ထိုင်ဝမ်)ရဲ့ စီစဉ်ပံ့ပိုးပေးမှုအရ အတွင်းဖက်ကို ကြွေပြားကပ်ကြည့်ပြီး ကုန်ကျစရိတ်ကိုချိန်လိုက်တော့မှ ဆေးသုတ်တာနဲ့စာရင် ကြွေပြားကပ်တာက တန်းဖိုးနည်းနည်းပိုတာ သတိပြုမိတယ်။
အဲဒါနဲ့ပဲ အပြင်ဖက်ကိုလည်း စုပေါင်းစပ်ပေါင်း ကြွေပြားကပ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။


မီးဆင်ပေးဖို့ လုပ်အားလှူတဲ့ ကိုကျော်စိုးက ကြိုးမြှုပ်ချင်တာနဲ့ အင်္ဂတေများကို ဖြတ်တောက်ပြီး မီးကြိုးများကို ဆင်ပါတယ်။ နေရာတိုင်းမှာ သူ့ပညာနဲ့သူ မှတ်သားစရာတွေ အများကြီး ရှိနေပါတယ်။ ပြင်ဆင်စရာရှိရင် အဆင်ပြေစေဖို့ မီးကြိုးပြေးလမ်းများကို ကိုယ့်ဖာသာ မှတ်တမ်းတင်ထားရပါတယ်။ အပေါ်မှာ ကိုခင်မောင်သင်းတို့ လှူတဲ့ ကျောက်ပြားမျက်နှာကျက်က မပြီးသေး လုပ်တုန်းလုပ်ဆဲ။ မျက်နှာကျက်ဆေးသုတ်သူက ရောက်နေတယ်။ အလုပ်မှန်သမျှ ကြီးကြပ်ပေနေတဲ့ အကိုကြီးက အစာအိမ်ရောင်လို့ အလုပ်ခဏနားထားတယ်။ ကိုကျော်ကျော် မခိုင်တို့ လှူထားတဲ့ ဆယ်ပေပတ်လည်၊ အနက်ဆယ်ပေ ရှိတဲ့ မြေစိုက်တစ်ဝက် ရေလှောင်ကန် က ကြွေပြားကပ်စရာ၊ အမိုးမိုးစရာနဲ့ မပြီးတပြီး။ ပါကေးခင်းချင်တဲ့ ဒကာမကြီး ဒေါ်မွေ့ကလည်း အမြန်ခင်းချင်နေပြီမို့ အလောသုံးဆယ်ဆိုတာကို သတိထားမိလာပါတယ်။







Monday, November 19, 2012

ဒီ..ဆောင်း

ဆောင်း..အပူ၊
နှင်း..ကျ..လည်း..ပူ၊
နှင်း..မကျ..လည်း..ပူ၊
မိုး..ကူ..လည်း..ပူတာပဲ၊
ဆောင်..အရှက်..ကွဲ။    ။

ခန့်မှန်းတာ မမှားဘူးဆိုရင် မြန်မာပြည်မှာလွန်ခဲ့တဲ့ အနှစ် ၂၀လောက်ထိအောင် နွေ၊မိုး၊ဆောင်းဆိုတာ ပီပီပြင်ပြင် ရှိနေတုန်းပါပဲ။ မိုးလကုန်ချိန် တန်ဆောင်တိုင်မီးထွန်းပွဲဆိုရင် မိုးဆိုတာ ဝေလာဝေး၊ အအေးဓာတ်ကလေးများက မထိတထိ မိတ်ဆက်မိနေပါပြီ။ ကျောင်းသွားခါနီး အမေက သနပ်ခါးလိမ်းခိုင်းရင် အေးစက်စက်အထိအတွေ့ဟာ ဆောင်းဥတုရဲ့ အမှတ်အသားလေးတွေပါပဲ။ တန်ဆောင်တိုင်မီးထွန်းပွဲရက် ကျောင်းပိတ်လို့ ဆွေမျိုးများနေထိုင်တဲ့ တောရွာတွေရောက်ရင် ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း စာဆိုနဲ့အညီ စပါးပင်များမှာ စပါးဖုံးလို့ခေါ်တဲ့ စပါးနှံအနုများကို နှင်းမှုန်တွေကြားမှာ ခူးစားခဲ့တာလဲ သတိရနေတယ်။ ချမ်းစိမ့်တဲ့အရသာကို ပြေစေလိုတဲ့ အကိုများက ချမ်းရင်ရေချိုး နှင်းတော.တိုးရတယ်လို့ ပြောတာနဲ့ စပါးပင်တွေကြားထဲ သူတို့နဲ့အတူ လျှောက်ပြေးခဲ့ကြဖူးတာကို မြင်ယောင်နေပါတယ်။ ဆယ်မိနစ်လောက် စပါးတောထဲမှာ ပြေးလိုက်ရင်ပဲ နှင်းရည်တို့ဖြင့် စိုရွဲလို့နေပါတော့တယ်။ စိုခါစက ချမ်းပေမယ့် ခဏအကြာမှာ နှင်းဒဏ်ကိုခံနိုင်လာပြီး မချမ်းတော့ပါဘူး။ နှင်းတိုးပြီး ပြန်လာချိန်မှာ နှင်းမတိုးသူတွေက မီးပုံလေးဖိုပြီး မီးအပူနဲ့ ဆောင်းဒဏ်ကို အံတုနေကြတာလဲ အာရုံထဲပေါ်လာပါတယ်။

အခုခေတ်မှာတော့ စက်မှုထွန်းကားမှုအကျိုးဆက်အရ ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဖန်လုံအင်အာနိသင် ဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးလည်း ပူနွေးလာပါပြီ။ အပူဒဏ်ကို မခံနိုင်တဲ့ ၀င်ရိုးစွန်းက ရေခဲတောင်များဟာလည်း တ၀ုန်းဝုန်း ပြိုကျနေတာ နေ့စဉ်နဲ့အမျှပါပဲ။ ဥတုရာသီတောကိုမှီ..ခဲ့တဲ့ ကမ္ဘာကြီးမှာ လူတွေရဲ့ နေစရာ၊ စိုက်ပျိုးစရာချဲ့ထွင်ရင်း သစ်ပင်သစ်တောတွေ ပြုန်းတီးကုန်တာကြောင့် တောမရှိတဲ့ဥတုဟာ ဖောက်ပြန်မှုများ ဆင့်ကာဆင့်ကာ ပြသလာပါတယ်။ ညစ်နွမ်းနေတဲ့လေထုကို သန့်စင်ပေးဖို့ သစ်ပင်အလုံအလောက် မရှိတော့တဲ့ အခြေအနေကို ရောက်နေပါပြီ။ အပြန်အလှန်အကျိုးပြုနေတဲ့ ဂေဟစနစ်ဟာ ပျက်စီးနေပြီမို့ ဆောင်းဟာလည်း ဆောင်းမပီသတော့ပဲ မအေးတော့ပါဘူး။ ဆောင်းသဘာဝ အရ နှင်းကျရင်တောင် ပူနွေးနေတဲ့ကမ္ဘာမြေပြင်ထိအောက် မရောက်တော့ပဲ လမ်းခုလတ်မှာ ပျောက်ပြယ်သွားကြပါတယ်။ တကယ်ကျရောက်လာတဲ့နှင်းတွေဟာလည်း အအေးဓာတ်ကလျော့ပါးနေတာမို့ နှင်းကျလည်း မပူတာကို သတိပြုမိမှာပါ။

ဟိုတုန်းကဆောင်းနဲ့ အခုဆောင်းဟာ အခေါ်အဝေါ်အားဖြင့်တူပေမယ့် ဆောင်းသဘာဝ ပြောင်းလဲလာ ပါပြီ။ ဆောင်းသဘာဝ ပြောင်းလဲလာရင် ဆောင်းကိုအမှီပြုနေတဲ့ မြန်မာ့ဓလေ့တချို့ဟာလည်း  ပြောင်းလဲ လာနိုင်ပါတယ်။ အချို့ဆိုရင် ကွယ်ပျောက်သွားနိုင်ပါတယ်။ နှင်းတောတိုးစရာ နှင်းမရှိရင် ချမ်းရင်ရေချိုးနှင်းတောတိုး..လို တောဓလေ့များဟာ စာထဲမှာပဲ ရှိတော့မှာပါ။ ဆောင်းဥတုဖွဲ့ကဗျာလင်္ကာစာပေများ၊ ဆောင်းနှင်းဖွဲ့ မြန်မာတေးသံသာတို့ဟာလည်း လက်တွေ့ဘ၀နဲ့ ကိုက်ညီမှာ မဟုတ်တော့ပါဘူး။ ယဉ်ကျေးမှု အနုပညာ စတာတွေအသက်မ၀င်တာဟာ
လူ့အသက်ကို အနှောင့်အယှက်မပြုပေမယ့် နှင်းကိုမျှော်နေရတဲ့ ဆောင်းသီးနှံများ မဖြစ်ထွန်းရင် အနာဂတ်မှာ လူသားတွေရဲ့စားရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။

လူမှုဝန်းကျင်ဟာ လူတွေကပဲ ဖန်တီးခဲ့ကြတာပါ။ လူ့စိတ်ဆန္ဒအတိုင်း ပြောင်းလဲနေကြတာပါ။ အသစ်အဆန်းကို တပ်မက်၊ တိုးတက်မှုကို လိုလား၊ သဘာဝကို တန်ဖိုးမထားတဲ့ လူတွေရဲ့အလိုဆန္ဒစေစားမှုကြောင့် ဖောက်ပြန်နေတဲ့ ရာသီဥတု၊ ပျက်စီးနေတဲ့ လူမှုဝန်းကျင်ကို လူသားမှတစ်ပါး ဘယ်သူမှ ဖန်တီးယူနေတာမဟုတ်ပါဘူး။ တရားခံဟာ လူသားတို့ရဲ့ ဖြည့်ဆည်းမနှိုင်တဲ့ လိုအင်ဆန္ဒတွေကြောင့်ပါပဲ။

ကဗျာထဲမှာပါတဲ့အတိုင်း မအေးတော့တဲ့ ဆောင်းဟာ အရှက်ကွဲရသလို လူ့ဘောင်လောကဟာလည်း အလိုမပြည့်နိုင်တဲ့ဆန္ဒတွေကြောင့် ဥတုဖောက်ပြန်လို့ အသက်နဲ့စတေးပြီး အရှက်ကွဲတဲ့မှတ်တမ်းတွေ ရှိခဲ့ပါတယ်။ အခုလည်း ရင်ဆိုင်နေရပါတယ်။ နောင်ကိုလည်း ကြုံလာဦးမှာပါ။ ဒါတွေကို ကမ္ဘာနဲ့အ၀ှမ်း အသိတရားနဲ့ အချိန်မှီ ပြုပြင်နိုင်ရင် ပြုပြင်၊ မပြုပြင်နိုင်ရင်တော့ ဆောင်းအရှက်ကွဲခြင်းဟာ လူသားတွေ ကြိမ်ဖန်များစွာ အရှက်တကွဲ အကျိုးနည်းဖို့ နိမိတ်ပြနေတာပါလို့ ..ပြောလိုက်ချင်ပါရဲ့။