Monday, June 3, 2013

ကျောင်းပိတ်ရက် နားရက်ဘယ်မှာ

 သာသနာ့တက္ကသိုလ်(ရန်ကုန်)မှာ ဧပြီ၊မေ နှစ်လလုံးကျောင်းပိတ်ထားတာပါ။ ကျောင်းပိတ်ရင် ကိုယ့်အတွက် ရေးစရာရှိတာကို အားထည့်ပြီး ရေးလိုက်မယ်လို့ အားခဲထားတာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ပေါ်လာတဲ့လုပ်သင့်တာတွေကို လုပ်နေရတာနဲ့ နားရက်တောင် မရှိခဲ့ပါဘူး။ သင်္ကြန်မတိုင်ခင် ဒုတိယပါမောက္ခချုပ်ဆရာတော်က ရှမ်းဆောင်ကနေ ပါမောက္ခဆောင် (ဥတ္တရ) အောက်ထပ်မှာ ပြောင်းနေဖို့ သတင်းပို့တာနဲ့ ပစ္စည်းသိမ်း၊ အခန်းပြင်၊ ထောက်ကြန့်ကျောင်းကို ပို့မယ့်စာအုပ်နဲ့ ဒီမှာသုံးရမယ့်စာအုပ်ကိုရွေး၊အပြောင်းအရွေ့လုပ်နဲ့ အလုပ်ကို ရှုတ်နေတာပါပဲ။
သင်္ကြန်ကာလတုန်းက ဓမ္မပါရဂူကျောင်းတိုက်မှာ ဒုလ္လဘများရှိလို့ ထောက်ကြန့်ကျောင်းကို ပြန်ပြီး နည်းနည်းထိန်းကြောင်းပေးရတယ်။ အခါလွန်ချိန်မှာ ရန်ကင်း ဓမ္မိကဓမ္မာရုံက ယဉ်ကျေးလိမ္မာသင်တန်း ပို့ချပေးဖို့ လျှောက်ထားလာတာမို့ ဦးမာဃ၀၊ ဦးကောဝိဒတို့နဲ့ ဧပြီ ၂၇မှ မေ ၆ရက်နေ့အထိ သင်တန်းပေးပါတယ်။
ရန်ကင်း၊ ဓမ္မိကဓမ္မာရုံမှာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အမှတ်တရ
 ဒီသင်တန်းအပြီး မေ၇ရက်မှ၁၆ရက်နေ့အထိ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် ဘေးနားက မဟူရာတောရကျောင်းမှာ ယဉ်ကျေးလိမ္မာသင်တန်း ဆက်ရပြန်တယ်။ ကျောင်းသား၃၀၀ကျော်ကို ဦးအိန္ဒာစက္က၊ဦးပညာသိပ္ပတို့နဲ့ စာသင်ပေးရတာ မပင်ပန်းပေမယ့် တစ်နာရီခွဲလောက် ကားစီးရတာ အချိန်လည်းကုန် လူလည်းပင်ပန်းပါတယ်။
မဟူရာတောရကျောင်း၊ ဖောင်ကြီးအရှေ့၊ ကျောင်းသားစုံ
မနက်ဆို ခြောက်နာရီလောက် စထွက်၊ ခုနစ်နာရီခွဲ စာသင်၊ ဆယ်နာရီကျော်ရင် နား၊ ကျောင်းက ကပ်တဲ့ဆွမ်းကိုစားပြီး ပြန်ထွက်လာရင် ကမ္ဘာအေးကို မွန်းလွဲနှစ်နာရီလောက်မှ ရောက်တယ်။
မဟာစင်မုန်တိုင်းလာတဲ့အချိန်မှာ ဖောင်ကြီးသင်တန်းနောက်ဆုံးရက်မို့ မိုးတစ်ရက်တော့ မိသွားတယ်။

၆၊၇၊၈၊၉၊၁၀တန်း ကျောင်းသူကျောင်းသားများ၊ ဖောင်ကြီးအရှေ့
 အဲဒီသင်တန်းပြီးတော့ မေလ ၁၉မှ ၂၅ရက်အထိ ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့ ပထမအကြိမ် ဗဟိုအဆင့် ဆရာဖြစ်သင်တန်းမှာ အလုပ်များရပြန်တယ်။ ဒီဖောင်ဒေးရှင်းမှာ နာယကအဖြစ် တာဝန်ပေးထားလို့ ပြဋ္ဌာန်းစာတွေကို ကြီးကြပ်ပေးရတဲ့တာဝန်ကို ယခင်ကတည်းက ဆောင်ရွက်နေ ရတာပါ။ အခုဆို Grade1 to 3 က ပုံနှိပ်မူအဖြစ် ဆရာလမ်းညွှန်နဲ့ကျောင်းသားကိုင် အစုံလိုက် ထွက်လာပါပြီ။ Grade 4 နဲ့ 5 ကို စိစစ်ပြီးသွားပြီမို့ မကြာခင်ထွက်လာတော့မှာပါ။ ဒီစာအုပ်တွေကို သင်ပေးနိုင်တဲ့ဆရာကို သီးသန့်မွေးထုတ်ရတာပါ။ အဲဒီဆရာဆရာမတွေကပဲ လိုအပ်တဲ့ကျောင်းသား အရေအတွက်အလိုက် ဖောင်ဒေးရှင်းမှာ စာအုပ်နဲ့သင်ထောက်ကူပစ္စည်းများကို အလှူခံနိုင်မှာဖြစ်ပါ တယ်။ လောလောဆယ် ဒီစာအုပ်တွေကို အပြင်ဈေးကွက်မှာ ရောင်းချမယ့်အစီအစဉ် မရှိပါဘူး။
ဗဟိုအဆင့် ဆရာဖြစ်သင်တန်းဆင်းပွဲ အမှတ်တရ
အိမ်တော်ရာဘုရားအနီး မြို့ကျောင်းလမ်းနားက မြိတ်ကျားကျောင်းမှာ ပြုလုပ်တဲ့ ဆရာဖြစ်သင်တန်းမှာ ယူနီဆက်၊ ပျိုးပင်စတဲ့ အဖွဲ့တွေက Trainer တွေရဲ့ Child-centered Approach ကလေးကိုဗဟိုပြုပြီး ချဉ်းကပ်တဲ့ ကလေးဗဟိုပြုစာသင်နည်းစနစ်ကို ပို့ချပေးပါတယ်။ Teaching Methodology က တော်တော်ကောင်းမွန်တာ မို့ အချိန်ရသလောက် နားထောင်သင်ယူလိုက်သေးတယ်။ အဲဒီအချိန်များမှာ ဆရာနန္ဒာသိန်းဇံရဲ့ Postmodern Thought Lecture မှာ Grand Narrative နဲ့ Mega Narrative အကြောင်းဆွေးနွေချက်ကို သတိရနေမိတယ်။ ဒီဆရာဖြစ်သင်တန်းမှာ အဖွဲ့က မိမိကိုပေးထားတဲ့တာဝန်က ဆရာတွေကို ပြဋ္ဌာန်းစာ နဲ့ အကိုးအကားမျာ ဆက်လက်လေ့လာနိုင်ဖို့ရယ်.. ဆရာလောင်းတွေကို နောက်အတန်းတွေမှာ ကြုံတွေ့လာမယ့်ပြဿနာရှိလာရင် ဖြေရှင်းနိုင်ဖို့ရယ်..အတွက် ကြိုတင်ဖတ်ရှုထားသင့်တဲ့ စာအုပ်စာတမ်းများကို ရွေးကောက်ပြီး ရှင်းပြပေးရတဲ့တာဝန်ယူရပါတယ်။
တာဝန်ကျတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (24.5.2013)
ဒီဗဟိုအဆင့်ဆရာဖြစ်သင်တန်းအပြီး နောက်ရက်မှာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့ ပထမဦးဆုံးကျောင်းကို မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝ၊ ဇေယျာသီရိကျောင်းက မေလ ၂၆ရက်မှာ ဖွင့်ပါတယ်။ ကျောင်းတိုက်ဆရာတော်က အလွန်စိတ်အားထက်သန်သူမို့ ကြိုးစားခဲ့သမျှ ပင်ပန်းရကျိုးနပ်နပ်နဲ့ ဈေးဦးပေါက်တဲ့ပွဲလို့ ဆိုရမလိုပါပဲ။

ဇေယျာသီရိကျောင်း၊ စမ်းကြီးဝ၊ မင်္ဂလာဒုံ ဓမ္မစကူးလ် ဖွင့်ပွဲ
 ဒီနယ်မြေမှာ ဖွင့်မည့်ကျောင်းအရေအတွက်များနေလို့ ဆရာများများရအောင်  ဆရာဖြစ် ဆင့်ပွားသင်တန်းကို မေလ ၂၇ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၊ ၂/ခ ရပ်ကွက်၊ သရက်ကုန်းကျောင်းတိုက်မှာ ထပ်မံစီစဉ်ရပါတယ်။ အဲဒီသင်တန်းမှာ ဆရာလောင်း ၃၂ ဦး တက်ရောက်သင်ယူကြပါတယ်။

မင်္ဂလာဒုံ၊ သရက်ကုန်းကျောင်းတိုက်မှာ ပြုလုပ်တဲ့ ဓမ္မစကူးလ် ဆရာဖြစ်ဆင့်ပွားသင်တန်း
ဒီသင်တန်းမှာ ဗဟိုအဆင့်မှာသင်တဲ့ ဆရာဆရာမတွေကပဲ လာရောက်ပို့ချပေးတာဖြစ်တာမို့ ဆင့်ပွားသင်တန်းလို့ မခေါ်ပဲ ဆင်းပွားသင်တန်းလို့ ခေါ်ရမလိုပါပဲ။ ဒီသင်တန်းမှာ ထောက်ကြန့်က ကလေးတွေအတွက် ဆရာမနှစ်ယောက်ကို သင်တန်းတက်ခိုင်းထားပါတယ်။

                                  ထောက်ကြန့်၊ ဓမ္မပါရဂူကျောင်းမှာ တနင်္ဂနွေနေ့ ဓမ္မစကူးလ်သင်ဖို့ သင်တန်းတက်နေတဲ့                                        ဒေါ်တင်တင်ဝင်းနဲ့ ညီမငယ် ၀ါဝါထွေး
ဒီဆင့်ပွားသင်တန်းမပြီးခင် ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့ စည်းမျဉ်းစည်းကမ်းကို အတည်ပြုဖို့ရယ်၊ ဇွန်လ ၇ ရက်နေ့မှာ သုံးလပတ်စုံညီအစည်းအဝေးကျင်းပဖို့ရယ် ပြီးတော့ ဗဟိုအဆင့် ဒုတိယအကြိမ်သင်တန်း ကို ဇွန်လ ၉ ရက်နေ့မှ၁၅ရက်နေ့အထိ လုပ်ရဦးမှာဆိုတော့ ဒီသင်တန်းမှာ ဖတ်ရှုသင့်တဲ့စာအုပ်တွေကို Book Review လုပ်ပြီး Note ထုတ်ပေးလိုက်ဖို့ စဉ်းစားမိပြီး အားရင်အားသလို စာဖတ်လိုက် စာရိုက်လိုက် လုပ်နေရတယ်။ ဒီလိုလုပ်လိုက်တော့ သင်တန်းလာ တက်သူတွေ အချိန်ကုန်သက်သာပြီး Q&A လုပ်ဖို့ ပိုပြီးအဆင်ပြေမယ်ထင်တယ်။ သာသနာ့တက္ကသိုလ်လည်း ဇွန်လ ၉ ရက်နေ့မှာ ပြန်ဖွင့်မှာမို့ အတန်းဝင်ဖို့ကိုလည်း ပြင်ဆင်ရဦးမယ်။  ကျောင်းပိတ်ရက်မှာ ကိုယ့်အတွက် အားရက်ကို ရှာကြည့်ရင် လုပ်ရင်းနားတဲ့အချိန်ကိုပဲ ရေတွက်ရတော့မှာပါ။

စတီးလက်ရမ်း

လှေကားအတက်အဆင်းမှာ စတီးလက်ရမ်း တပ်ဆင်ထားတာပါ။ သီပေါဘုရင် စတုတ္ထသမီးတော်ရဲ့ သမီးဖြစ်တဲ့ ထိပ်စုဖုရားကြီး(ခေါ်)ဒေါ်စုစုခင်( ဖွားမေ) အသက်86 ပြည့် မွေးနေ့ အထိမ်းအမှတ် မတည်ပြီး စုပေါင်းလှူဒါန်းထားတာဖြစ်ပါတယ်။



Friday, February 1, 2013

ရေလှောင်ကန်

ဒီရေလှောင်ကန်က ဆယ်ပေပတ်လည်၊ အနက်လည်း ဆယ်ပေ ရှိတယ်။
အတွင်းအပြင်ပတ်လည်ကို ကြွေပြားကပ်ပြီး အမိုးမိုးထားပါတယ်။
ဒီရေလှောင်ကန်ကို သင်္ဃန်းကျွန်း၊ မလိခအိမ်ရာက ကိုကျော်ကျော်+မခင်စန္ဒာခိုင် မိသားစုက လှူဒါန်းထားတာပါ။
ကာလတန်ဖိုး ၁၅ သိန်းခန့် ကုန်ကျပါတယ်။ အလှူရှင်များရဲ့အလှူကို ၀မ်းမြောက်ဖွယ်ရာအဖြစ် အမှတ်တရ ဖော်ပြလိုက်ပါတယ်။


၂၀၁၃ ဇန်န၀ါရီ ဓမ္မဗျူဟာ မင်္ဂလာစံကျောင်း

တဖြည်းဖြည်း ဖြည့်သူများ ၀င်လာလို့ ကျောင်းပုံစံက ပုံပေါ်လာတယ်။
ဆေးမသုတ်ဘဲ ကြွေပြားပဲ ကပ်ကြည့်လိုက်တာ အဆင်ပြေသလိုပဲ။

စည်းမျဉ်းခံများအထံမှ အပြန်...


(၁)စည်းမျဉ်း၊စည်းကမ်း၊ဥပဒေ၊ဘောင်..ဆိုတာတွေ ရှိသင့်ပါတယ်။
ဒါပေမဲ့ အလုပ် လုပ်လို့ မဖြစ်တဲ့စည်းမျဉ်းဆိုရင်... အလုပ်ကို နှောင့်နှေးစေတဲ့ စည်းမျဉ်းဆိုရင်.. လက်မခံလိုပါဘူး၊ ဒီအခြေအနေမျိုးကို ဘယ်လိုမှ နှစ်သက်လို့ မရပါဘူး။

(၂)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းရှိမှ လုပ်တတ်သူထက်စာရင် စည်းမျဉ်းစည်းကမ်းမရှိပဲ အလုပ်ကို အောင်မြင်အောင် လုပ်သွားတတ်သူက ပိုလို့တောင် ချီးကျူးဖွယ်ကောင်းသေးတယ်..လို့ တွေးထင်နေမိတယ်။

(၂)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ လုပ်စရာပေါ်နေတဲ့အလုပ်ကို အရင်မလုပ်ဘဲ စည်းမျဉ်းကို တောင့်တ. စည်းမျဉ်းကို ချမှတ်ဖို့လုပ်နေရင်
လုပ်နေရင်း...လုပ်နေရင်းနဲ့... စည်းမျဉ်းခံဘ၀ကို ရောက်မှန်းမသိ ရောက်သွားတတ်တယ်။

(၃)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ လိုအပ်တဲ့အချိန်မှ လိုအပ်သလို ကျင့်သုံးသင့်တယ်ဆိုတာကို အမှတ်ရသင့်တယ်။ သာသနာ့သမိုင်းမှတ်တမ်းမှာ မြတ်ဗုဒ္ဓဟာ ၀ါနှစ်ဆယ်လွန်မှ ရဟန်းတွေအတွက် ၀ိနည်းစည်းကမ်းတွေကို ချမှတ်ပေးခဲ့တာကို သတိမူသင့်တယ်လို့ စဉ်းစားမိပါတယ်။

(၄)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းကို အရင်မလုပ်ဘဲ လူပီသတဲ့စိတ်နဲ့ လုပ်သင့်တာကို လုပ်ကြည့်ရင်း လုပ်ကြည့်ရင်းနဲ့ အများစုအကျိုးယုတ်စေမဲ့လုပ်ရပ်တွေကို ရှောင်ရှားနိုင်တဲ့စည်းကမ်းကို တဖြည်းဖြည်း ချမှတ်သွားတာက ပိုကောင်းလိမ့်မယ်..လို့ ထင်မိနေတယ်။

(၅)စည်းမျဉ်းစည်းကမ်း၊ဥပဒေ၊ဘောင်ဆိုတာ ရှိသင့်ပါတယ်။
ဒါပေမဲ့ လူလုပ်တဲ့စည်းမျဉ်းကြောင့် လူတွေကို ဒုက္ခမရောက်ဖို့ ရှောင်ရမယ်။
လူလုပ်တဲ့စည်းကမ်းကြောင့် လူတွေကိုအကျပ်အတည်း မဖြစ်ဖို့ ရှောင်ရမယ်။
လူလုပ်တဲ့ဥပဒေကြောင့် လူတွေကို နှိပ်စက်ရာမရောက်ဖို့ ရှောင်ရမယ်။
လူလုပ်တဲ့ဘောင်ကြောင့် လူတွေရဲ့ တိုးတက်မှုကို အဟန့်အတား မဖြစ်အောင် ရှောင်ရတယ်။.. ရှောင်နေရမယ်...ရှောင်ကြည့်နေရမယ်..

ဟူး...ကောင်းမွန်တဲ့စည်းမျဉ်းတွေ ချမှတ်ဖို့ အချိန်တွေ အများကြီး ရင်းနှီးနေရင်း တန်ဖိုးရှိတဲ့အချိန်များ...ပြန်မရတော့မဲ့အချိန်များ.. အများကြီးကုန်လွန်သွားမှဖြင့် (အမျိုး၊ဘာသာ၊သာသနာ၊နိုင်ငံအတွက်) လုပ်စရာရှိတာတွေ အချိန်မီ မလုပ်မိမှာကို စိုးမိပါရဲ့။