ခရစ်စမတ်အကြို မြင်ကွင်း
ကျောင်းဆောင်ကို ဆေးသုတ်ဖို့တွက်ကြည့်တော့ ဆေးဖိုးနဲ့ဆေးသုတ်ခ မနည်းလှ။ ကိုကျော်ထင်(ထိုင်ဝမ်)ရဲ့ စီစဉ်ပံ့ပိုးပေးမှုအရ အတွင်းဖက်ကို ကြွေပြားကပ်ကြည့်ပြီး ကုန်ကျစရိတ်ကိုချိန်လိုက်တော့မှ ဆေးသုတ်တာနဲ့စာရင် ကြွေပြားကပ်တာက တန်းဖိုးနည်းနည်းပိုတာ သတိပြုမိတယ်။
အဲဒါနဲ့ပဲ အပြင်ဖက်ကိုလည်း စုပေါင်းစပ်ပေါင်း ကြွေပြားကပ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။
မီးဆင်ပေးဖို့ လုပ်အားလှူတဲ့ ကိုကျော်စိုးက ကြိုးမြှုပ်ချင်တာနဲ့ အင်္ဂတေများကို ဖြတ်တောက်ပြီး မီးကြိုးများကို ဆင်ပါတယ်။ နေရာတိုင်းမှာ သူ့ပညာနဲ့သူ မှတ်သားစရာတွေ အများကြီး ရှိနေပါတယ်။ ပြင်ဆင်စရာရှိရင် အဆင်ပြေစေဖို့ မီးကြိုးပြေးလမ်းများကို ကိုယ့်ဖာသာ မှတ်တမ်းတင်ထားရပါတယ်။ အပေါ်မှာ ကိုခင်မောင်သင်းတို့ လှူတဲ့ ကျောက်ပြားမျက်နှာကျက်က မပြီးသေး လုပ်တုန်းလုပ်ဆဲ။ မျက်နှာကျက်ဆေးသုတ်သူက ရောက်နေတယ်။ အလုပ်မှန်သမျှ ကြီးကြပ်ပေနေတဲ့ အကိုကြီးက အစာအိမ်ရောင်လို့ အလုပ်ခဏနားထားတယ်။ ကိုကျော်ကျော် မခိုင်တို့ လှူထားတဲ့ ဆယ်ပေပတ်လည်၊ အနက်ဆယ်ပေ ရှိတဲ့ မြေစိုက်တစ်ဝက် ရေလှောင်ကန် က ကြွေပြားကပ်စရာ၊ အမိုးမိုးစရာနဲ့ မပြီးတပြီး။ ပါကေးခင်းချင်တဲ့ ဒကာမကြီး ဒေါ်မွေ့ကလည်း အမြန်ခင်းချင်နေပြီမို့ အလောသုံးဆယ်ဆိုတာကို သတိထားမိလာပါတယ်။