ဆရာနန္ဒာသိန်းဇံ ကွယ်လွန်တာ သြဂုတ်လ၂၄ ရက်ဆိုရင် တစ်နှစ်မြောက်ပြီဖြစ်လို့ “ဆရာ နန္ဒာသိန်းဇံနှင့် ပတ်သက်သော မှတ်ချက်များ” စာအုပ်ကို အထိမ်းအမှတ် အဖြစ် ထုတ်ဝေမှာ ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ “အတွေးယန္တယား” ဆိုပြီး ဆောင်းပါး ရေးထားတာပါ။ ဆရာ့ကို သတိတရနဲ့ စိတ်ကူးထဲမှာ ပေါ်လာတာတွေကို စကားပြောမူနဲ့ ရေးထားကြည့်ခြင်း ဖြစ်ပါတယ်။
အတွေးယန္တယား
(1)
ဆရာ...
ဦးဇင်း ငယ်ငယ်တုန်းက တွေးခေါ်တာ စဉ်းစားတာကို အတိုင်းအတာ တစ်ခုအထိ ၀ါသနာ ပါခဲ့ဖူးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ထိန်းကြောင်းပေးနေတဲ့ ဆရာသမားများက အတွေးမများဖို့ စဉ်းစားတာ မလွန်ဖို့ ဟန့်တားကြတာနဲ့ တွေးချင်စရာများ တွေးချင်စိတ်များ ပေါ်လာရင် ဆက်မစဉ်းစားတော့ဘဲ ဖျောက်ဖျက် ပစ်လိုက်တာ များပါတယ်။ သာသနာ့တက္ကသိုလ် ရောက်လာချိန်မှာ အဲဒီတုန်းက ကိုယ်ကျင့်တရားပညာ၊ ယုတ္တိဗေဒ၊ ဒဿနိကဗေဒ ပြဿနာများ စတဲ့ ပြဋ္ဌာန်းကျမ်းစာတွေနဲ့ ကြုံတွေ့လာတော့ တွေးချင် စိတ်များ နိုးထလာပါတယ်။ မဟာဓမ္မာစရိယတန်း ပထမနှစ်အရောက်မှာ ဆရာ (ဦးသိန်းဇံ)က သင်တန်း လာပို့ချပေးတာနဲ့ ကြုံဆုံလာတော့ “ဒဿနိကဗေဒ ပညာရပ်ဆိုတာ ဘုန်းကြီးများက အခြားလူတွေထက် ပိုပြီးသိထားသင့်တယ်”လို့ ဆုံးဖြတ်မိပါတယ်။ အဲဒီအချိန်ကစပြီး ဘယ်လိုနယ်ပယ်ပဲ ဖြစ်ဖြစ် တွေးသင့်တာ ဆိုရင် တွေးကြည့်မိလာတယ်။ တကယ်ဆို တွေးတယ်ဆိုတာ လွယ်ကူပေမဲ့ ကြောင်းကျိုးဆီလျှော်စွာနဲ့ အတွေးနိဂုံး ပြီးဆုံးသွားဖို့က ခက်ခဲပါတယ်။ ဆိုလိုတာက တချို့ တွေးစရာက အဖြေတစ်ခု
ထွက်လာတတ်တယ်။ အချို့တွေးစရာက အဖြေလည်းမထွက်၊ ဆုံးဖြတ်ချက်လည်း ချလို့ မရဘဲ သောင်မတင် ရေမကျ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရ တတ်ပါတယ်။ ဘာပဲပြောပြော ဆရာနဲ့တွေ့လာမှ တွေးချင်လိုစိတ်နဲ့ အတူ အတွေးယန္တယား စတင်လည်ပတ် လာခဲ့တာလို့ အခိုင်အမာ ပြောနိုင်ပါတယ်။
ဆရာက သင်တန်း စစချင်း Philosophy of Religion ကို သင်ပေးခဲ့တာ မှတ်မိနေပါတယ်။ လက်တင်ဘာသာက ဆင်းသက်လာတဲ့ Religion ကို (Re+ligare) Re=again+ ligare= to bind back တစ်ဖန်ပြန်လည် ချည်နှောင်ခြင်း စတဲ့ အဓိပ္ပာယ် လေးမျိုးလောက် အကျယ်ရှင်းပြတာကို နားထောင်လိုက်မှ တစ်ဖန်ပြန်လည် ချည်နှောင်စရာ တစ်စုံတစ်ခုကိုမှ လက်မခံထားတဲ့ ဗုဒ္ဓဘာသာဟာ အဲဒီ ဖွင့်ဆိုချက်တွေနဲ့ အကျုံးမ၀င်ဘူး၊ ဗုဒ္ဓဘာသာဟာ Religion တစ်ခု မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ အဲဒီတုန်းက ဆရာက ဖြစ်ရပ်တစ်ခု ကို ပြောပြတယ်။ လွတ်လပ်ရေးတိုက်ပွဲကာလက “မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား၊ သခင်မျိုးဟေ့ ဒို့ဗမာ” လို့ ကြွေးကြော်ရာမှာ အိန္ဒိယနွယ်ဖွားများက “မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား”စသည်ကို လိုက်ဆိုကြပေမဲ့ “သခင်မျိုးဟေ့” လို့ တိုင်လိုက်ရင် ဗမာမဟုတ်တဲ့အတွက် “ဒို့ဗမာ” လို့ လိုက်မဆိုချင်ကြဘူး။ သူတို့က ဗမာမှ မဟုတ်ကြတာကိုး။ လိုက်မဆိုဘဲ မနေနိုင်ကြသူ တချို့က “သခင်မျိုးဟေ့”လို့ ဆိုရင် “အတူတူပဲ၊ အတူတူပဲ”လို့ လိုက်ဆိုကြတာကို ဟာသနှောပြီး ပြောပြပါတယ်။ “အတူတူပဲ၊ အတူတူပဲ”လို့ ဆိုခဲ့တာကို ဆရာ က ပြောပြပြီး အိန္ဒိယနွယ်ဖွားတွေဟာ အတူတူပဲလို့ ပြောနေသော်လည်း သခင်မျိုးလည်း မဟုတ်၊ ဗမာလည်း မဟုတ်တဲ့ အတွက်ကြောင့် တကယ်မတူကြောင်းကို ပြောပြပါတယ်။ တူသယောင်နဲ့ တကယ်မတူတာကို မတူတဲ့ အတိုင်း သိဖို့လိုအပ်ကြောင်း ဆရာက ပြောပြပါတယ်။ တူသယောင်နဲ့ တကယ် မတူတာကို မတူတဲ့အတိုင်း သိဖို့ကို ဆရာသင်ပေးခဲ့လို့ ဘုရားကိုကိုးကွယ်တာချင်း တူပေမဲ့ ဘုရားချင်း မတူတာကို စဉ်းစားမိလာတယ်။ တရားကို ကိုးကွယ်တာ တူပေမဲ့ တရားချင်း မတူတာတွေ ရှိတာကို သတိပြုမိလာတယ်။ ဒိအပြင် ဆရာက မောက္ခ၊ နိဗ္ဗာန၊ သံဝရ စတဲ့ ဝေါဟာရများကို အိန္ဒိယမြေ၌ အသုံးပြုရာတွင် အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် ဘာသာဝါဒအလိုက် ကွဲပြားမှုရှိပုံ၊ ဘာသာရေးတွင် ဘ၀လွတ်မြောက်ခြင်း စတဲ့ ဝေါဟာရ သုံးစွဲပုံခြင်း တူပေမဲ့ အနက်အဓိပ္ပာယ် ယူဆမှု မတူညီပုံတို့ ရှိနေတာကို သတိပေးပြီး ဝေါဟာရတွေကို အလေးအနက်ထားပြီး စဉ်းစားမိအောင် လမ်းဖွင့်ပေးခဲ့ လို့ တွေးသင့်စရာတွေ တပုံကြီးရခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ဆရာက ဘာသာဝါဒ ဒဿန (Philosophy of Religion) ကို သင်ပေးပြီး ဝေါဟာရ ဒဿန (Philosophy of Word) စသည်ကို ဆက်လက်တွေးနိုင်အောင် အတွေးနိဒါန်းများ ဖွင့်ပေးခဲ့တာလို့ သဘောပေါက်ခဲ့ပါတယ်။
(2)
Philosophy ရဲ့ အဓိပ္ပာယ်ကို အသိပညာကို မြတ်နိုးခြင်း (Love of wisdom) သစ္စာတရားကို သိမြင်ခြင်း (Vision of truth) လို့ သိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆရာပြောပြတဲ့ Philosophy ဆိုတာ “လူအများ ပြောလေ့ပြောထ ရှိတဲ့နေရာ ၌ အခြေခံစည်းမျဉ်းများ အယူအဆများနဲ့ အစားထိုး နေရာပြောင်းလဲပေးခြင်း (Philosophy is the replacement of category habit by category discipline) ဖြစ်တယ်လို့ ဖွင့်ပြခဲ့တာကို အလွန်နှစ်သက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တွေးလေ့တွေးထရှိတဲ့ ရိုးရာအယူအဆတွေကို စည်းစနစ်ကျတဲ့ အယူအဆနဲ့ အပြောင်းအလဲ လုပ်ပေးခြင်း ဟာ ဗုဒ္ဓသာသနာတော်နဲ့ လွန်စွာလိုက်ဖက်လှပါတယ်။ လောကလူသားတို့ရဲ့ ရိုးရာအစွဲအလမ်းကို စစ်မှန်တဲ့ ယူဆမှု နဲ့ အစားထိုးနိုင်ဖို့အတွက် ဗုဒ္ဓသာသနာတော်မှာ ရဟန်းသူမြတ်တွေ ကြိုးစားနေကြရတာ မဟုတ်လား။ ဒီလုပ်ငန်း ဟာ အလွန်အရေးကြီးပါတယ်။ အမြင်မှားနေတဲ့လောကကို အမြင်မှန်အောင် ပြုလုပ်ပေးရမယ်။ မွေးရာပါအမြစ် တွယ်နေတဲ့ မှားယွင်းမှုတွေကို အသိမှန်တွေနဲ့ အစားထိုးပေးဖို့ လိုအပ်တယ်။ နောက်ဆုံး ဖောက်ပြန်မှားယွင်းနေတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသ သညာဝိပ္ပလ္လာသ စိတ္တ၀ိပ္ပလ္လာသတွေကို အရိယာအမြင်ဖြင့် အစားထိုးပြုပြင်နိုင်မယ်ဆိုရင် အကောင်း ဆုံးပဲ မဟုတ်လား။ ဗုဒ္ဓ၀ါဒနှင့်အညီ တွေးချင်ခေါ်ချင် လိုသူများကို လမ်းဖွင့်ထားသလို ဖြစ်နေတဲ့ ဒီအဓိပ္ပာယ် ဖွင့်ဆို ချက်ဟာ ဦးဇင်းတို့ကို တွေးချင်စိတ်များ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက် ပြုခဲ့သလို ဖြစ်ခဲ့ပါတယ်။
(3)
ဆရာက တွေးပုံတွေးနည်း (Ways of thinking)ကို စနစ်တကျဖြစ်ဖို့၊ ရဟန်းတို့နဲ့လည်း သင့်လျှော်စေဖို့ ပုံစံချပေး တတ်တယ်လို့ မြင်မိပါတယ်။ ရိပ်သာတွေမှာ အလုပ်ပေးတရားဟောသလို ဆရာစာသင်ပေးပုံက အလုပ်ပေး အတွေးနဲ့ စာသင်တဲ့နည်းကို အသုံးပြုတယ်လို့လဲ ရိပ်စားမိပါတယ်။ ဒီနည်းဟာ အခြားပညာရှင်တွေ တွေးတဲ့ပုံစံကို သိနိုင်သလို မိမိကိုယ်တိုင်လည်း တွေးတတ်ခေါ်တတ်တဲ့ အလေ့အကျင့်ကို ဖြစ်ပေါ်စေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဥပမာတစ်ခု စိတ်ထဲမှာ ပေါ်လာပါတယ်။ အနောက်တိုင်းဒဿနဗေဒရှိ ကိုယ်ကျင့်တရားပညာ(Ethics)နဲ့ သိမှုဗေဒ (Epistemology)ကို အခြေခံ သင်ပေးပြီးနောက် “ကိုယ်ကျင့်တရားနဲ့ အသိတရားဟာ ဆက်စပ်မှု ရှိနိုင်သလား၊ မရှိနိုင်ဘူးလား ဆိုတာကို မေးခွန်းထုတ်ပြီး တွေးခြင်းအလုပ်ကို နှိုးဆွပေးပါတယ်။ ဦးဇင်းတစ်ပါးက “ရှိတာပေါ့ ဆရာ- သီလနဲ့ပညာကို ဆေးကြောနိုင်သလို ပညာနဲ့ သီလကို ဆေးကြောနိုင်တယ်လို့ သောဏဒဏ္ဍသုတ္တန်မှာ ဆိုထားတယ်။ မူးယစ်နေတဲ့ သန္တတိအမတ်ကြီးဟာ အရိယာမဂ် ပညာနဲ့ သူ့ရဲ့သီလကို ဆေးကြောသွားနိုင်ခဲ့တယ်” လို့ အဖြေပေးလိုက်တော့ ဆရာက သဘောကျနေတယ်။ ပြီးမှ “ဘာကြောင့် သီလနဲ့ပညာဟာ အချင်းချင်း တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆေးကြောနိုင်ရတာလဲ” လို့ ဆရာက ထပ်မေးတော့ အားလုံးငြိမ်ပြီး စဉ်းစားနေကြတယ်။ စဉ်းစားလို့ ကောင်းနေတုန်း “သီလနဲ့ပညာဟာ ဘယ်လိုအပြန်အလှန် ဆေးကြောသွားတာလဲ” “လူတိုင်းလူတိုင်းမှာ သီလနဲ့ပညာကို၊ ပညာနဲ့သီလကို အပြန်အလှန် ဆေးကြောနိုင်သလား” လို့ ဆေးကြောပုံတွေကို ထပ်မေးနေတော့ တရားရဲ့သဘောက ရင်းပြီးရင်းခက်၊ နက်ပြီးရင်း နက်သွားပါတယ်။ အဲဒီလို မေးနည်း မေးဟန် သင်နည်း သင်ဟန်တွေကြောင့် ကိုယ်မတွေးဖူးတဲ့ အထဲမှာ တွေးသင့်စရာတွေ များစွာကျန်ရှိနေသေးတာကို ကောင်းစွာ သဘောပေါက်ခဲ့ရသလို တွေးဆစရာကို ဘယ်လိုရှာရသလဲ ဆိုတာကိုလည်း သိမြင်လာခဲ့ပါတယ်။
ဦးဇင်းတွေက သောဏဒဏ္ဍသုတ်ကို ကိုးကားပြောပြတော့ ဆရာက သီလနဲ့ပညာရဲ့ အင်အားကြီးမားပုံကို ပြောပြ ပါတယ်။ “သီလဟာ ပညာကို ဆေးကြောနိုင်တဲ့ စွမ်းအားရှိသလို ပညာဟာလည်း သီလကိုစင်ကြယ်အောင် ဆေးကြောနိုင် တဲ့ စွမ်းအား ရှိတယ် လို့ ဗုဒ္ဓက ဟောကြားခဲ့ တာမို့ လူဟာ မိမိကိုယ်ကို အားကိုးမယ်ဆိုရင် စွမ်းအားကြီးမားတဲ့ သီလနဲ့ ပညာကို ဖြည့်ကျင့်ဖို့ လိုတယ်” “မိမိကိုယ်ကို အားကိုးခြင်း (Self-Reliance) ဆိုတာ ဘ၀မှာ အခြားသူ အကူအညီ မပါဘဲ ရပ်တည်နိုင်တဲ့ သဘောဖြစ်တယ် လို့ အနောက်တိုင်းက ယူဆရာမှာ ထေရ၀ါဒ ကျင့်ထုံးအရ မိမိကိုယ်ကို အားကိုးရာမှာ သီလနဲ့ပညာကို အားကိုးသင့်တယ်။ ဒီအပြင် အခြားအားကိုးစရာ ဘာတွေရှိသေးသလဲ” လို့ ပိဋကတ်မှာ ရှာကြည့်ဖို့ အကြံပြုတယ်။ “ ဓမ္မပဒမှာ ဥာဏ်နဲ့ဝီရိယကို အားကိုးရမယ် လို့ ဆိုထားတယ်။ အခြားနေရာတွေမှာ သတိ ၀ီရိယကို အားကိုးရမယ် လို့ ပြောတယ်။ ဒါတွေကို ခြုံငုံပြီး မိမိကိုယ်ကို အားကိုးတယ်ဆိုတာ ဘယ်တရားကို အဓိက ကျင့်သုံးရမှာလဲ၊ ဘယ်လို အခြေအနေမျိုးမှာ အားကိုးရမှာလဲ” ဆိုတာကို တွေးဆကြည့်ခိုင်းပါတယ်။ ပြီးမှ “လူဟာ အရာဌာနတိုင်းမှာ မိမိကိုယ်ကို အားကိုးလို့ ရနိုင်သလား၊ လူဟာ အချိန်တိုင်း မိမိကိုယ်ကို အားကိုးလို့ ရနိုင်သလား၊ ကလေးငယ်တွေကျတော့ မိမိကိုယ်ကို ဘယ်လို အားကိုးမလဲ၊” လို့ ဘက်ပေါင်းစုံက စဉ်းစားကြည့်ပြီး အတွေးယန္တယားကို လည်ပတ်နိုင်အောင် စဉ်းစားသင့်တဲ့ မေးခွန်းများကို ထုတ်ပေးပါတယ်။ ဒီလိုနည်းနဲ့ ၀ိဘဇ]္ဇ၀ါဒရဲ့ အနှစ်သာရပိုင်းကို ချဉ်းကပ်ပြပုံဟာ ဦးဇင်း တို့အတွက် စံနမူနာ ပြုစရာဖြစ်ခဲ့ပါတယ်။
(4)
အတွေးအမြင်ဆန်းသစ်စေဖို့အတွက် ဘုရားဟောတရားတော်ကို ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ကြည့်ဖို့ ဆရာ တိုက်တွန်းခဲ့တာဟာ ဦးဇင်းတို့အတွက် အလွန် အဖိုးတန်နေပါတယ်။ ဥပမာ.“စိတ္တေန နီယတေ လောကော” စိတ်သည် လောကကြီးကို ဦးဆောင်၏။ ဒါဟာ လူတိုင်း နားလည်နိုင်တဲ့ အဓိပ္ပာယ်ပါ။ ဒီတရားတော်ရဲ့ အဓိပ္ပာယ် ပိုမိုရှင်းလင်းလာဖို့ ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ကြည့်နိုင်ပါတယ်။ ဆရာက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်က နမူနာအဖြစ် ချဉ်းကပ်ပြခဲ့ပါတယ်။ ဒီနေ့ခေတ် သတင်း စာမျက်နှာများမှာ သဘာဝပတ်ဝန်းကျင် အကြောင်း ကျယ်ကျယ် လောင်လောင် မပြောခင်ကတည်းက ဆရာက ၁၈ရာစုမှ ၂၀၀၈ခုနှစ်အထိ အပူချိန် ၅.၈ ဒီဂရီစင်တီဂရိတ် တိုးလာခြင်း၊ နှစ်စဉ် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ ၃၀ ရာခိုင်နှုန်း တိုးလာခြင်းဟာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာလို့ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ တိုးပွားလာတဲ့ လူဦးရေကြောင့် စိုက်ပျိုးမြေရဖို့ နေစရာ အတွက် သစ်ပင်ကြီးတွေကို ခုတ်ရတယ်။ စက်မှုလုပ်ငန်းများ တိုးချဲ့လာလို့ ကာဗွန်အထွက်နှုန်း တိုးပွားလာတဲ့ အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူနိုင်တဲ့ သစ်ပင် သစ်တောများ ပြုန်းတီးလာလို့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဟာ ကြောက်မက်ဖွယ် တိုးပွားနေတာ ကို ပြောပြပါတယ်။ ကာဗွန်ထုတ်လုပ်မှု ပိုမို တိုးတက်လာခြင်းကြောင့် ကမ္ဘာ့ရေထု မြေထု လေထု ဟာ ပြောင်းလဲလာတယ်။ ကာဗွန်ထုတ်လုပ်မှု များခြင်း၊ အိုဇုန်းလွှာပျက်စီးလာခြင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ရေခဲတောင်များ ပြိုကျခြင်း၊ မုန်တိုင်းများ ပြင်းထန်လာခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်းတို့ဟာ တစ်ခုနဲ့တစ်ခု ကြောင်းကျိုး ဆက်နွှယ်နေပါတယ်။ ကမ္ဘာပေါ်မှာ ဒီလို ဖြစ်လာအောင် လူသားတွေကပဲ ဖန်တီး လုပ်ဆောင်ခဲ့ကြတာပါ။ လူတွေလုပ်တဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ခဲ့ကြတာပါ။ စိတ်က လူကို ဦးဆောင်နေတာ ဖြစ်လို့ ကောက်ချက်ချ ကြည့်ရင် လောက တိုးတက်အောင် လုပ်တာနဲ့၊ ဆုတ်ယုတ်အောင် လုပ်နေတာဟာ လူ့စိတ်နဲ့ သက်ဆိုင်နေပါတယ်။ ဒီစိတ်က ကောင်းရင် လောကကြီးလည်း ကောင်းလာမယ်။ ဒီလူ့စိတ်ဟာ လောဘ ဒေါသ ဦးစီးနေမယ် ဆိုရင် လောကလည်း အပျက်အစီးတွေနဲ့ ရင်ဆိုင်နေရမှာ ဖြစ်တယ်။ တစ်နည်းအားဖြင့် ပညာ လွှမ်းခြုံတဲ့ စိတ်ဟာ လောကကို သာယာစေပြီး အ၀ိဇ]္ဇာဖုံးလွှမ်းတဲ့ စိတ်ဟာ လောကကို ပျက်စီးစေပါတယ်။ ဒါကြောင့် “စိတ္တေန၊ စိတ်သည်။ လောကော၊ လောကကြီးကို။ နီယတေ၊ ဦးဆောင်နေ၏” လို့ ဟောခဲ့တာပါလို့ ဆရာက ရှင်းပြလိုက်တော့ မူရင်း ပါဠိတော်ဟာ ပိုမို ပီပြင်လာတယ်လို့ ထင်မိပါတယ်။ “ဒီတော့ လောက လူသားများရဲ့ စိတ်ကို မဖြစ်မနေ ပြုပြင်ဖို့ လိုအပ်လာတယ်။ လူ့စိတ်ကို ပြုပြင်လိုက်လို့ ကောင်းသွားပြီ ဆိုရင် ပတ်ဝန်းကျင် မပျက်စီးအာင် အပြန်အလှန် အထောက်အကူ ပြုနိုင်လာပါမယ်။ ကမ္ဘာပေါ်မှာ သဘာဝပတ်ဝန်းကျင် မပျက်စီးစေဘဲ ဖွံ့ဖြိုးတိုးတက်လာအောင် သစ်ပင်စိုက်နေရုံနဲ့ မလုံလောက်ဘူး။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးမှုတွေနဲ့ အတူ လူတွေရဲ့စိတ်ကူးစိတ်သန်းကို အချိန်မီ ပြုပြင်ပေးခြင်း (Reform) လုပ်ဖို့နဲ့ အညစ်အကြေးတွေကြောင့် ညစ်နွမ်းနေတဲ့ စိတ်ကို ပြန်လည်ပြင်ဆင်ခြင်း (Repair) လုပ်ဖို့ လိုအပ်လာတယ်” လို့လည်း အတွေးပေါက်လာပါတယ်။
(5)
အတွေးယန္တယား အစဉ်မပြတ်ချောမွေ့နေအောင် ဆရာက ဆရာကြီး ပါမောက္ခ ဦးခင်မောင်ဝင်း (ဒဿနဗေဒ) နဲ့ ဆုံတွေ့ပေးခဲ့ခြင်းကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆရာကြီးက ဓမ္မပါရဂူ ကျမ်းကိစ္စနဲ့ပတ်သက်ပြီး အဓိကအားဖြင့် သုတေသန ပြုတတ်အောင် သင်ပေးတာပါ။ ကျွဲကူးရေပါ ဆိုသလို ဆရာကြီးက သုတေသန ပြုစုနည်းအပြင် တွေးတတ်ခေါ်တတ်အာင် နည်းစနစ် အချို့ကိုလည်း သင်ပေးပါတယ်။ ဆရာကြီး သင်ပေးတဲ့နည်းကတော့ မေးခွန်းကို အဆင်ဆင့် မေးမြန်းတဲ့ နည်းပါ။ မေးမြန်း တယ်ဆိုတာ သိချင်လိုလို့ မေးတယ်ဆိုတယ် ဆိုရင် စူးစမ်းတဲ့သဘော ပါလာတယ်။ မေးတဲ့မေးခွန်းက ပညာသား မပါရင် ဖြေတဲ့ အဖြေကလည်း ပညာ ပါမှာမဟုတ်ဘူး။ မေးတဲ့ မေးခွန်းက ပညာသားပါရင် အဖြေကလည်း ပညာပါလာမှာပါ။ ဒါကြောင့် မေးခွန်းကို ပညာသား ပါပါနဲ့ မေးတတ်ဖို့ လမ်းညွှန်ပေး ပါတယ်။ ပညာသားပါတဲ့ မေးခွန်းဆိုတာလဲ အထောက်အထားနဲ့ ခိုင်ခိုင်မာမာ တွေးဆထားဖို့ လိုပါတယ်။ ပညာသား ပါပါနဲ့ တွေးဆတတ်လာပြီဆိုရင် သမ္မာသင်္ကပ္ပမဂ်နဲ့ အလားတူလာပြီလို့တောင် ဆရာကြီးက ယူဆပါတယ်။ ဒါကြောင့် တွေးတာကို ယိမ်းယိုင်မသွားအောင် မှန်ကန်တဲ့ မေးခွန်းများ မေးကြည့်ခြင်းဖြင့် ထိန်းကြောင်း သင့်တယ်လို့ တွေးမိပါတယ်။ မေးခွန်းမေးတာဟာ သိချင်လို့ မေးတာနဲ့ ကိုယ့်ထင်မြင်ချက်နဲ့ ဘယ်လို ကွာသလဲဆိုတာ သိအောင် မေးတာဆိုပြီး ကွဲပြားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မေးသင့်တာကို အရာဌာနအလိုက် မေးတတ်ခြင်းသည် အသိပညာ တိုးပွားစေသလို ကိုယ့်ထင်မြင်ချက်နဲ့လည်း ချိန်ဆကြည့်နိုင်ပါတယ်။ ဒါကြောင့် မေးသင့် မေးထိုက်ရာကို ပညာသား ပါပါနဲ့ မေးခွန်းမေးခြင်းသည် အတွေးယန္တယားကို အစဉ်ချောမွေ့စေတတ်ပါတယ်။ အခုဆိုရင် ဆရာကို ဗဟိုပြုတဲ့စာသင်နည်း (Teacher Centered Method) မှ ကျောင်းသားကို ဗဟိုပြုတဲ့ စာသင်နည်း (Student Centered Method) ကို စိတ်ဝင်စားမှု တိုးပွားလာနေပါပြီ။ အကယ်၍ ကျောင်းသားကို ဗဟိုပြုတဲ့ စာသင်နည်းသာ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးထွန်းကားလာပါက ပညာသား ပါပါနဲ့ မေးမြန်းတတ်တဲ့ စနစ်ဟာလည်း အရေးပါ အရာရောက်လာလိမ့်မယ်လို့ ထင်မိပါတယ်။
(6)
ဆရာ မဆုံးခင် သုံးနှစ်လောက်က ပို့စ်မော်ဒန် အတွေးအခေါ် (Postmodern thought ) ကို သင်ပေးရင် ကောင်းမယ်လို့ ဆရာကပြောပြီး မဟာတန်း ဒုတိယနှစ်မှာ သင်ပါတယ်။ ယခင်တုန်းက PostmodernThought မှာ ရှိတဲ့ အစဉ်အလာ သိနေသော ပြောရိုးပြောစဉ် ရှုထောင့်မှ ပြောဆိုယူဆခြင်း (Grand Narrative) နှင့် အစဉ်အလာသိနေသော ပြောရိုးပြောစဉ် ရှုထောင့်မှ မကြည့်ဘဲ အခြား ဆန့်ကျင်ဖက် ရှုထောင့်မှ ကြည့်ခြင်း (Meta Narrative) အယူအဆ အကြောင်းကို သင်ပေးဖူးပါတယ်။ Grand Narrative သဘောက အစဉ်အလာ ပြောရိုးပြောစဉ်ကို ထိန်းသိမ်းပါတယ်။ Meta Narrative သဘောက အစဉ်အလာ ပြောရိုးပြောစဉ်ရှုထောင့်မှ တရားသေ တထစ်ချ မပြောဘဲ အခြားရှုထောင့်သစ် တစ်ခုကို ရှာကြည့်ပါတယ်။ Postmodern Thought အလိုအရ Grand Narrative သဘောကို ခေတ္တ ဘေးဖယ်ပြီး Meta Narrative သဘောကို ဦးစားပေးပါတယ်။ ဥပမာနဲ့ နားလည်သလောက် ပြောပြရရင် သားအဖ ဆက်ဆံရေးမှာ အစဉ်အလာအရ အဇာတသတ်ကို သားမိုက် တစ်ဦးအဖြစ် ပြောဆိုခြင်းသည် Grand Narrative ဖြစ်ပြီး မိမိကို သတ်မည့်သားမှန်း သိပါလျက် လုံလောက်တဲ့ ကြိုတင် ကာကွယ်မှု မပြုသော ဗိမ္ဗိသာရ မင်းကြီး၏ လိုအပ်ချက် ရှုထောင့်မှ ထောက်ပြ ပြောဆိုခြင်းသည် Meta Narrative ဖြစ်ပါတယ်။ Postmodern အတွေးအခေါ်ရှိ Meta Narrative အယူအဆဟာ ဥာဏ်နုနယ်သူနဲ့ ဥာဏ်ကွန့်သူတို့အတွက် ကောင်းကျိုးအပြင် ဆိုးကျိုးကိုလည်း ဖြစ်စေနိုင်တာမို့ ဆရာက ထေရ၀ါဒမှ သွေဖယ် မသွားရအောင် သတိကြီးစွာထားပြီး သင်ပေးနေတာကိုလည်း အမှတ်ရနေပါတယ်။ ဆရာ သင်ပေးနေတဲ့ Meta Narrative ဟာ အကြောင်းအရာ တစ်ခုကို ဆန့်ကျင်ဖက် ရှုထောင့်မှ စဉ်းစားတတ်ဖို့ သင်တန်းသားတွေကို အလေ့အကျင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ပါရဂူအဆင့် သုတေသန ပြုလိုသူတို့အတွက် သုံးစွဲသင့်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ် လို့ နားလည်မိပါတယ်။
အဲဒီတုန်းက ဆရာ သင်တာကို နားထောင်နေရင်း ပိဋကတ်ထဲမှ လာတဲ့ “ သေခြင်းတရားကို မြင်တွေ့ပြီး မသေရာ နိဗ္ဗာန်ကို တွေးဆကြည့်ခဲ့ကြသော အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် လောင်းလျာတို့ရဲ့ ဆန့်ကျင်ဖက် ရှုထောင့်”က တွေးကြည့်ပုံ ကောက်ချက်ချပုံသည် Meta Narrative သဘော သက်ဝင်နေမလားလို့ စဉ်းစားမိပါတယ်။
ဒီတခါ Postmodern Thought ကိုသင်တော့ ဆရာက ဗဟိုချက်မဲ့ခြင်း (Absent Center) နဲ့ ရှိမှုမသေချာခြင်း (Ontological Uncertainty) ကို အဓိကထားပြီး သင်ပေးနေတာကို မြင်ယောင်နေမိပါတယ်။ ဗဟိုချက်မဲ့ခြင်းဆိုတာ တစ်စုံတစ်ခုကို မဏ္ဍိုင်ပြု၍ ပြောဆိုယူဆမှု မရှိခြင်းဖြစ်ပြီး၊ ရှိမှုမသေချာခြင်း ဆိုတာက အစဉ်အလာအရ ရှိတယ်လို့ ယူဆထားတာတွေကို သံသယ ဖြစ်နေခြင်းလို့ နားလည်မိပါတယ်။ စာသင်နေရင်း “ပို့စ်မော်ဒန် အတွေးအခေါ် သမားတွေကို ဗုဒ္ဓဘာသာက ဘာတွေ ပေးနိုင်သလဲ” လို့ ဆရာက မေးခွန်းထုတ်ပြီး သင်တန်းသားတွေကို တွေးဆခိုင်း နေပါတယ်။ ဗဟိုချက်မဲ့ခြင်းနဲ့ ပတ်သက်လို့ လက်ခံတဲ့ ဦးဇင်းတွေက သူတို့လက်ခံပုံကို ပြောပြနေသလို လက်မခံလိုတဲ့ ဦးဇင်းတွေကလည်း သူတို့ လက်မခံပုံကို လက်လှမ်းမီရာ အထောက်အထားတွေနဲ့ အပြန်အလှန် ဆင်ခြေလဲပြီး ပြောနေတဲ့အသံတွေကို ကြားယောင်မိနေပါတယ်။
စာသင်ချိန်နားတော့ ဆရာက “ဦးဇင်းရော ဒီအတွေးအခေါ်ကို လက်ခံသလား”လို့ မိမိကို မေးပါတယ်။ ဦးဇင်းက “အချို့ကို လက်ခံတယ်။ အချို့ကိုတော့ လက်မခံချင်သေးဘူး” လို့ ဖြေခဲ့တယ်။ “ကဲ..လက်ခံတာ ကို အရင်ပြောပါဦး” လို့ ဆရာက မေးတော့ “၀ိနည်းပညတ်ချက်တွေ များနေလို့ အနေအထိုင်ကြပ်ပြီး လူထွက်ချင်နေတဲ့ ရဟန်းကို သာသနာတော်ရဲ့အသက် (၀ိနယော နာမ သာသနဿ အာယု) ၀ိနည်းတွေကို အကုန်ဖြုတ်ပြီး စိတ်ကိုနိုင်အောင် ထိန်းဖို့ ဟောကြားခဲ့ပုံသည် ၀ိနည်းဗဟိုချက် မဲ့သွားသလို ဖြစ်နေကြောင်း၊ ထို့ပြင် ဘုရားရှင်ကိုယ်တော်တိုင် သတ္တလောကထဲမှာ မွေးဖွားခဲ့သူဖြစ်ပါလျက် ငါ၊သူတပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ မရှိလို့ ဟောခဲ့တာလည်း ဗဟိုချက်မဲ့တဲ့ ဟောကြားချက်တွေပဲလို့ ထင်မိကြောင်း ဖြေခဲ့တာကို ဆရာက ချင့်ချိန်ကြည့်နေပါတယ်။ ပြီးမှ “ဗုဒ္ဓ၀ါဒမှာ ဗဟိုချက် ရှိနိုင်တယ်လို့ ဘယ်လို သဘောပေါက်ထားပါသလဲ“ လို့ မေးပါတယ်။ “တကယ်ဆို ရဟန်းဝိနည်းဆိုတာ ကိုယ်နှုတ်တို့ကို အပြစ်လွန်ကျူးမှု မဖြစ်အောင် တားမြစ်ထားတာပါ။ စိတ်ကို သီးသန့် တားမြစ်ထားတာ မဟုတ်ပါဘူး။ ကိုယ်နှုတ်ကို စောင့်ထိန်းရတဲ့ ၀ိနည်းဗဟိုပြုမှုကို ဖျက်သိမ်းပေး လိုက်သော်လဲ “စိတ်ကို နိုင်အောင်ထိန်း” ဆိုတဲ့ ဗုဒ္ဓဟောကြားချက် အရ စိတ်ကို တစ်ဖန် ဗဟိုပြုထားသလို ဖြစ်နေတယ်။” “ငါ သူတပါး ယောက်ျား မိန်းမ မရှိဟု ဟောနေတာဟာလည်း ဗဟိုချက် မရှိဘူးလို့ ထင်နေရပေမဲ့ အနတ္တ၀ါဒကို ဗဟိုပြုရာ ရောက်နေပြန်တယ်” လို့ ဖြေခဲ့ပါတယ်။
အမှန်တကယ်တော့ ဗဟိုချက်တစ်ခုနဲ့ ဟောကြားသည်ဖြစ်စေ ဗဟိုချက်မဲ့စွာနဲ့ ဟောကြားသည် ဖြစ်စေ လိုရင်းအချက်က တရားကို ထိုးထွင်းသိမြင်ဖို့သာ ပဓာန ဖြစ်ပါတယ်။ လေ့လာမိသလောက် ဗုဒ္ဓဟောကြား တဲ့ တရားတော်အချို့ဟာ ရှုထောင့်တစ်ခုက ကြည့်ရင် ဗဟိုချက်မဲ့နေသလို ဖြစ်နေတယ်။ အခြား ရှုထောင့်တစ်ခုက ကြည့်ရင် ဗဟိုချက် တစ်ခု ရှိနေတတ်ပါတယ်။ ဒါကြောင့် “ဗုဒ္ဓ၀ါဒတစ်ခုလုံးကို ခြုံကြည့်ရင် ဗဟိုချက်မဲ့ခြင်း ဗဟိုချက်ရှိခြင်းဆိုတာ တရားသေပြောဖို့ ခက်ခဲပါတယ်” လို့ ဖြေခဲ့တာကိုလည်း မှတ်မိနေပါတယ်။ ဆရာက “ပို့စ်မော်ဒန်နဲ့ ဗုဒ္ဓ၀ါဒဟာ အနှစ်သာရ ကွဲပြားသော်လည်း အသွင်ပုံသဏ္ဍာန်အားဖြင့် တူညီနေတယ်လို့ ယူဆထားလေတော့ မေးနေကျ ပုံစံအတိုင်း “ပို့စ်မော်ဒန်သမားတွေကို ဗုဒ္ဓ၀ါဒက ဘယ်လို ပညာပေးနိုင်မလဲ” လို့ ဆရာက မေးတော့ “ဗုဒ္ဓဟောကြားထားချက်နှင့် အညီ မည်သည့်အရာကိုမှ စွဲလမ်းမှု မပြုဖို့၊ ဘယ်အရာကိုမှ မစွဲလမ်းဖို့ ပညာပေးရင် သူတို့ နှစ်သက်နိုင်ကြောင်း” ၀ိုးတ၀ါး အဖြေကို ပေးလိုက်မိပါတယ်။ နောက်ဆုံး ဆရာက “ဗုဒ္ဓ၀ါဒအလိုကျ ပို့စ်မော်ဒန်ကို ပညာရေးမှာ ဘယ်လို အသုံးချသင့်သလဲ” လို့ မေးချိန်မှာ ဘာဖြေရမှန်း မသိဘူး ဖြစ်နေခဲ့ပါတယ်။ အနာဂတ် ပညာရေးနယ်ပယ်မှာ ဆရာဗဟိုပြု စာသင်နည်း ထက် ကျောင်းသာဗဟိုပြု စာသင်နည်းကို အလေးပေး အားထုတ်လာကြတာကို ဆရာက ကောင်းကွက် ဆိုးကွက်တွေကို ချင့်ချိန်ပြနေပါတယ်။ အခုတော့ ဆရာက ဦးဇင်းတို့ကို မျက်ကွယ်ပြုသွားပါပြီ။ ဆရာ ကွယ်လွန်ချိန်မှာ ပို့စ်မော်ဒန် စာသင်နည်းဆိုတာ မပေါ်သေးပါဘူး။ ဘယ်အချိန် ပေါ်လာမလဲ ဆိုတာကိုလည်း မှန်းဆလို့ မရသေးပါဘူး။ အကယ်၍ ခေတ်စနစ်တွေ ပြောင်းလဲလာ လို့ ခေတ်ရေစီးကြောင်းမှာ ပို့စ်မော်ဒန် ပညာရေး (Postmodern Education) ပေါ်ပေါက်လာပြီး ဗဟိုချက်မဲ့တဲ့ ပညာရေး ခေတ်စားလာရင် ကျောင်းသားကိုလည်း ဗဟိုမပြု၊ ဆရာကိုလည်း ဗဟိုမပြုတဲ့ ပညာရေးဟာ ဘယ်လိုများ ကပေါက်တိ ကပေါက်ချာ ဖြစ်နေမလဲလို့ တွေးဆကြည့်နေမိရင်း ဆရာ့ကို ထူးထူးခြားခြား သတိရနေမိပါတယ်။
ဆရာပေးခဲ့တဲ့ အတွေးယန္တယား ဆက်လက်လည်ပတ်နိုင်အောင် ကြိုးစားလျက်။

No comments:
Post a Comment