သာသနာ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ပြာသိုလပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် အတွင်းရှိ ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် သိမ်အောင်စာ
လောကဂ္ဂ၀ါဏိမဏိသဇ္ဈုဗန္ဓနိ၊ပုဏ္ဏိန္ဒုသိမဋ္ဌနိမိတ္တမာလိနိ။
ကာသာယပဇေ]္ဇာတသုဒိတ္တ ကောမုဒိ၊
ဇောတေတု စက္ကမ္ဗရ ဝေဂစာရိနီ။
လောကဂ္ဂ၀ါဏိမဏိသဇ္ဈုဗန္ဓနိ- သုံးလောကဘုံသူတို့သည် ကြည်ဖြူလေးမြတ် ဆည်းကပ်ပူဇော် အပ်သည် ဖြစ်၍ လောကသုံးပါးထက် မြတ်သော အစိန္တေယျ ဂုဏသခင် ရှင်တော်ဘုရား၏ ရွှေနှုတ်တော် တည်းဟူသော ကုမုဒြာ ကြာတိုက်တော်အတွင်းမှ သန့်ရှင်းသာယာ ထွက်ပြူလာသော ဥတ္တိဒုတိယ
ကမ္မ၀ါစာ အာဏာ ဓမ္မစက် ကျောက်မျက်ရတနာ သာခွာဘော်စင် ငွေနန်းမြှင်တို့ဖြင့် ဆင်ယင်ရစ်ပတ် အထပ်ထပ် အကြိမ်ကြိမ် ဖွဲ့လိမ်ယှက်သန်း၍ ရှုမခန်းအောင် ဆန်းလည်းဆန်းကြယ်ပေထသော။
အဋ္ဌနိမိတ္တမာလိနိ- အရှေ့အနောက် တောင်မြောက်ဒေါင့်တန်း ရပ်ရှစ်ခန်းတို့၌ ရစ်သန်းပိုင်းခြား နောင်ထင်ရှားအောင် မှတ်သားနိုင်မှု အကြောင်းပြုသည့် ရှစ်ခုသောနိမိတ်တည်း ဟူသော နက္ခတ်တာရာ ရောင်ဝါကဲဆင့် ပုလဲပွင့်တို့ဖြင့် တင့်တင့်တယ်တယ် စံပယ်ကွန့်မြူး ကြည်နူးဖွယ် ရှိပေထသော။
အယံ ပုဏ္ဏိန္ဒုသိမာ- သာသနာဝင် ရှင်ရဟန်းတော်တို့၏ ကမ္မာကမ္မ ကိစ္စကြီးငယ် အသွယ်သွယ်ကို အလွယ်တကူ ပြုမူကျင့်ဆောင်ရာ (ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော်) အမည်ပညတ် သမုတ်အပ်သော ဤခဏ္ဍသိမ်တည်းဟူသော လမင်းကြီးသည်။
ကာသာယပဇေ]္ဇာတသုဒိတ္တကောမုဒိ- ဥပသမ္ပဒ စရှိများမြောင် ကံဆောင်အရှင်မြတ်တို့၏ တလျှပ်လျှပ် တရှိန်ရှိန် တထိန်ထိန်ထွန်းပြောင်သည့် သင်္ကန်းရောင်တည်းဟူသော ကုမုဒြာကြာရုံ ဖူးငုံအပေါင်းတို့ကို အကြောင်းစုံသင့် ကားကားစွင့်အောင် ပွင့်စေတတ်သော ကောမုဒီငွေရောင်ဖြင့် တပြောင်ပြောင် တ၀င်းဝင်း ထွန်းလင်းတောက်ပသည်ဖြစ်၍။
စက္ကမ္ဗရ ဝေဂစာရိနီ- ရွှေဘုန်းတော်သခင် အသျှင်မြတ်ဘုရား၏ တရားအာဏာ ဒေသနာ ဓမ္မစက်တော်တို့၏ မပျက်အရှည် လည်ရာဖြစ်၍ သာသနာတော်တည်းဟူသော အဇဋာဝေဟင် ကောင်းကင်ခရီး၌ အဟုန်လျင်လျား ကျက်စားလှည့်လည်လျက်။
ဇောတေတု - သာသနာ့သံဝသ် အနှစ်ငါးထောင်ပတ်လုံး ပျက်ပြုန်းမရှိ စည့်စည့်ဝင်းဝင်း ထွန်းလင်းတောက်ပပါစေသတည်း........ထွန်းလင်းတောက်ပပါစေသော်။
အောင်သူတကာတို့၏ ဇေယျာဘိဇေယျ ဥက္ကဋ္ဌမင်္ဂလာ မဟာမုနိ တြိလောကန္တဂူ သယမ္ဘူစစ် ဖြစ်ကြီးဖြစ်တော်မူသော ငါတို့မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါ နှစ်ပေါင်းကြာအောင် သတ္တ၀ါဗိုလ်လူ ဟိန္ဒဂူတို့ကို ကယ်ယူချွေချွတ် တစ်မွတ်ရိပ်သန် ပြည်နိဗ္ဗာန်သို့ လျှင်မြန်ထုတ်ခြောက် ရောက်ကြီး ရောက်စေတော်မူပြီးနောက် ပွင့်ထောက်မနီး ကျွတ်ပွဲကြီးကို မမှီရသူ ကြွင်းဗိုလ်လူတို့အား သနားငဲ့ညှာ ကရုဏာတော်ဖြင့် သာသနာတော်သုံးရပ်ကို ပညတ်ပိုင်းခြား ထားတော်မူခဲ့ရာ ယခုအခါ မြန်မာနိုင်ငံတော် တစ်ဝှမ်းလုံး၌ ထောက်နှုံးမရ ထွန်းပပွင့်လင်း န၀မခေတ် အတွင်း၌ ကြုံခြင်းလှလှ ကြုံကြရသဖြင့် သီမဗန္ဓန ထာဝရကုသိုလ် ပြုလိုသောစေတနာ သဒ္ဓါကောင်း ရှိကြသော
ဇေယျာရွှေမြေ ဘောလုံးအသင်း ကပ္ပတိန် ကိုဇော်လင်းထွန်း + မသဉ္စာဝင်း မိသားစု၊
ဒေါက်တာ ဦးသောင်းလှိုင် + ဒေါ်ခင်သန္တာမြင့် (ဒေါ်မီမီကျော်) မိသားစု
တို့သည် လောကမျက်မြင် ထင်ထင်သမျှ သင်္ခါရဟု ဘောဂ၀တ္ထု အစုစုကား ခုမြင်ခုပျောက် နှိုင်းထောက် ပုံမှီ ရေပွက်တည်သကဲ့သို့ အရှည်မခိုင် ယိမ်းယိုင်ပျက်စီး ပျက်ကြီးပျက်ဆုံး ပျက်တုံးပျက်ဆဲ ပျက်မစဲဟု မမြဲသောသင်္ခါရ ဘိဇ]္ဇနသဘောတို့ကို တွေးတောဆင်ခြင် အမှန်ကိုသိမြင်၍ ကိုယ်တွင်ကိန်းဝပ် ၀န်တို တတ်သည့် စေးကပ်သမျှ ကိလေသာအတွင်းရန်ကို တွန်းလှန်ပယ်ရှားပြီး၍ ယထာဗလ ပစ္စယာနုဂ္ဂဟဖြင့် ထောက်မ ကြည်ဖြူ ပေးလှူပူဇော်လိုပါသောကြောင့် အရှင်ကောင်းတို့ဆိုင်ရာ သာသနာ့ကိစ္စ သီမဗန္ဓန သံဃာ့လုပ်ငန်းကို ကြိုးပမ်းရွက်ဆောင်တော်မူပါရန် တောင်းပန်လျှောက်ထားချက်ကို နှစ်သက်ကြည်ဖြူ လက်ခံတော်မူကြသော
ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော်(စီမံ)၊ ဒုတိယပါမောက္ခချုပ်ဆရာတော်(သင်ကြား)၊မော်ကွန်းထိန်းဆရာတော်၊ ပါမောက္ခ ဌာနမှူး ဆရာတော်များ။
ထောက်ကြန့်မြို့အတွင်းရှိ ရွှေကျီးသာ၊ မဟာဗောဓိ၊ မဟာသစ္စကာရီ၊ ပုပ္ပါး၊ ပဓာနိကာရုမ်၊ တိလောက ကျောင်းတိုက်အသီးသီးမှ ဆရာတော် အပေါင်း အရှင်ကောင်းတို့သည်ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိလောကရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် အတွင်း၌ သန့်ရှင်းပြေပြစ် ဖုဆစ်မထင် စည်မျက်နှာအသွင်ကဲ့သို့ မြေပြင်ပြန့်ပြန့် မြေကိုသန့်ပြီးလျှင် “န ဘိက္ခဝေ သီမာယသီမာ သမ္ဘိန္ဒိတဗ္ဗာ၊ ယော သမ္ဘိန္ဒေယျ၊ အာပတ္တိ ဒုက္ကဋဿ” “န ဘိက္ခဝေ သီမာယသီမာ အဇ္စျောတ္ထရိတဗ္ဗာ၊ ယော အဇ္စျောတ္ထရေယျ အာပတ္တိ ဒုက္ကဋဿ” (၀ိ၊၃။၁၅၀) ဟူသော အမိန့်တော်နှစ်ရပ်ကို လေးမြတ်ရိုသေစွာ နာခံမှတ်သားလျက် ရှည်လျားမြင့်ကြာ သာသနာတော်ထွန်းကားသော အရပ်ဖြစ်၍ အမှတ်သင်္ကေတမရှိ မသိကောင်း မမြင်ကောင်းသော ရှေးဟောင်းသိမ်ဝှက်တို့ ငုတ်ကွယ်လျက်ရှိရာသောကြောင့် စပ်မိခြင်း၊ ထပ်မိခြင်းဟူသော သမ္ဘေဒ၊ အဇ္စျောတ္ထရဏ ဒေါသပေါရယ် မငြိတွယ်ဘဲ စင်ကြယ်ခြင်းငှာ “ပဌမံ တိစိဝရေန အ၀ိပ္ပ၀ါသော သမူဟန္တဗ္ဗော ပစ္ဆာ သမာနသံဝါသသီမာ သမူဟန္တဗ္ဗာ” (၀ိ၊၃။၁၄၉) ဟူသော ဒေသနာတော်နှင့် လျှော်စွာ အ၀ိပ္ပ၀ါသ သမူဟနန ကမ္မ၀ါစာ၊ သမာနသံဝါသ သမူဟနန ကမ္မ၀ါစာ တို့ဖြင့် ထပ်ခါကြိမ်ဖန် ဂန္ထန္တရ ညွှန်ပြစေ့စပ် ခရုပတ် ပျားကြီးစွဲ ငှက်ကြီးဝဲ ရင်ဘောင်တန်း ဒေါင့်တန်း ကြက်ခြေ အထွေထွေ အနည်းနည်း ရှေးထုံးကြီးဖြင့် မြေကြီးမလပ် ခြေရာထပ်မျှ စပ်ကာစပ်ကာ ဖတ်ရွတ်ကာဖြင့် သင်္ကာသင်္က သံသယဆူးငြောင့် မနှောက်မယှက် ပျက်စေကင်းစေ ရှင်းစေပြီးမှ အတိခုဒ္ဒက စသည်ဆယ့်တစ်ချက် သိမ်ပျက်လက္ခဏာ ၀ိပတ္တိအခြင်းအရာတို့ကို စင်ကွာလွတ်မြောက်စေ၍ နိမိတ်စေ့စပ် ပရိသတ်ကမ္မ၀ါ လက္ခဏာသုံးအင် ပြည့်စုံလင်၍ အောင်မြင် ထမြောက်ကြောင်း ကောင်းသော ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံလုံလောက်စေခြင်းငှာ
ပဌမံ နိမိတ္တာ ကိတ္တေတဗ္ဗာ (၀ိ၊၃။၁၄၄) ဒေသနာနှင့်အညီ ပတ်လည်ရှစ်ရပ် နိမိတ်စပ်အောင် ပရိယတ္တိ ၀ိသာရဒ ဗျတ္တ ပဋိဗလဂုဏ် လောက်လုံပြည့်ဝတော်မူသော အရှင်မြတ်တို့ အထပ်ထပ် နိမိတ် ကြားတော်မူပြီးနောက် “ နိမိတ္တကိတ္တနာနန္တရံ ၀ုတ္တာယ- သုဏာတု မေ ဘန္တေ သံဃော တိအာဒိကာယ ကမ္မ၀ါစာယ သိမာ ဗန္ဓိတဗ္ဗာ” (၀ိ၊ဋ္ဌ၊၃။၃၂၃) ဟူ၍ အဋ္ဌကထာပါဌ် မိန့်အပ်သည်နှင့် အညီ ဆယ်ပါးဗျဉ္စန ဗုဒ္ဓိကျအောင် ဌာနပယတ် ကရိုဏ်းစပ်၍ အထပ်ထပ် အကြိမ်ကြိမ် ထေရ်မဟိန်တို့ ငြိမ်ဆိတ်လေးမြတ် သပ်ရပ်သားနား ဖတ်ကြား သမုတ်အပ်သော “ဓမ္မရတနာ ဇေယျာရွှေမြေ သိမ်တော်” နာမံထွန်းသစ် ဤ ခဏ္ဍသိမ်သစ်သည် သာသနာ သက္ကရာဇ် အတိတ်နှစ်အားဖြင့် ၂၅၅၅-ခု၊ ကောဇာ သက္ကရာဇ် နှစ်ပမာဏအားဖြင့် ၁၃၇၃-ခု ဥတု ဟေမန္တ ပြာသိုလပြည့်နေ့ ချိန်စက်နာရီ ဃဋီတွက်စစ် ည(၉)နာရီ (၅၀)မိနစ် အချိန်တွင် မြတ်စိန္တေ မုခပါဌ် ဥတ္တိ ဒုတိယ ကမ္မ၀ါစာ အာဏာတော် အမိန့်ကြောင့် နှစ်သိန်းလေးသောင်း ထုပေါင်းယူဇနာ မဟာပထ၀ီ မေဒနီဟု မြေဆီထွင်းဖောက် ရေတိုင်ရောက်အောင် မပျောက်မပျက် ထွန်းတက်မြင့်ရှည် တည်လေရာကား- သိကြားဗြဟ္မာ ဒေ၀ါသူရ ဂန္ဓဗ္ဗနှင့် ယက္ခဗိုလ်လူ ခပ်သိမ်းသူတို့ ကြည်ဖြူဟစ်ကြွေး ကောင်းချီးပေးလျက် ငြိမ့်လေးသာဓု ဇေယျတုဖြင့် အောင်ဆုအောင်ပန်း လန်းပါစေသတည်း…အောင်ဆုအောင်ပန်း လန်းပါစေသတည်း။
No comments:
Post a Comment