Saturday, May 5, 2012

ဓမ္မရတနာ ဇေယျာရွှေမြေသိမ်တော် သိမ်နုတ်ပြီ

ညနေ ၄ နာရီ ခွဲလောက်မှာ သိမ်နုတ်ခြင်း စတင်ပါတယ်။ ထောက်ကြန့်မှာ ရှိတဲ့ကျောင်းတိုက်များမှ ဆရာတော်များနဲ့  နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ သင်ကြားစီမံဆရာတော်များ၊ သင်တန်းသား ရဟန်းတော်များ စုစုပေါင်း ၇၅ ပါးလောက် ကြွရောက်ချီးမြှောက်ကြပါတယ်။

သိမ်နုတ်ရာမှာ တောင်မှမြောက်၊ မြောက်မှတောင် ၊အရှေ့မှအနောက်၊ အနောက်မှ အရှေ့။ ခရုပတ်နည်း စသည်ဖြင့် နုတ်တဲ့နည်းပေါင်းစုံ ရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာနည်းနဲ့ စိတ်တိုင်းကျ သိမ်နုတ်နိုင်ပါတယ်။ ထိုင်ပြီး နုတ်လည်း ရတယ်။ မတ်တပ်ရပ်ပြီး နုတ်ရင်လည်း ရပါတယ်။ တစ်ပါးနဲ့ တစ်ပါးက နှစ်တောင့်ထွာ အတွင်းရှိနေရပါမယ်။ ဒါပေမဲ့ နီးနီးကပ်ကပ်လည်း မနေရပါဘူး။ သင်္ကန်းချင်းတောင် ထိမနေရပါဘူး။ ဒါက သိမ်နုတ်တဲ့အခါ သတိပြုရမယ့် အချက်ပါပဲ။     
သိမ်နုတ်ကမ္မ၀ါစာက နှစ်မျိုးသုံးတတ်ပါတယ်။ သီမာသမုဟနနနဲ့ အ၀ိပ္ပ၀ါသဆိုပြီးတော့ နှစ်ခုရှိတယ်။ သီမာသမုဟနနက အဓိကကျပါတယ်။ အဲဒီနှစ်မျိုးစလုံးကို ဆရာတော်ဦးကုမာရက တစ်ခါတည်း အပြီးလုပ်ပေးထားပါတယ်။      
 သိမ်နုတ်ခြင်း သိမ်သမုတ်ခြင်းဟာ အရေးကြီးတဲ့ကိစ္စဖြစ်တာမို့ အကြောင်းကြောင့် ၀င်ရောက်လာတဲ့ ဖုန်းသံများကို တားဆီးပေးဖို့ ကြိုတင်မေတ္တာရပ်ခံထားရပါတယ်။ ကမ္မ၀ါစာ ရွတ်ဖတ်နေရင်း ဖုန်းလာရင် အနှောက်အယှက် ဖြစ်တတ်ပါတယ်။  ဒါလည်း အရေးစိုက်ရမယ့် ကိစ္စတစ်ခုပါ။

 

သိမ်နုတ်ခြင်းကိစ္စကို ညနေ ခြောက်နာရီလောက်မှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ည ၁၀နာရီ အချိန်ရောက်မှ နယ်သိမ်း၍ သိမ်သမုတ်ခြင်းကို ဆက်လက်ဆောင်ရွတ်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment