Monday, November 7, 2011

တိုက်ရင်..ခိုက်တတ်တယ်

သူက..ပြောတယ်။
သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုတာ..သူတော်စင်တွေကျင့်သုံးဖို့ ဖြစ်တယ်။
လောကီလူသားတွေအတွက်ကတော့ ကိုယ့်ကို ထိပါးလာရင်.. ကိုယ့်ပိုင်နက်ကိုစော်ကားလာရင်..
အဲဒီလူကို တုန့်ပြန်သင့်သလောက် တုန့်ပြန်ရမယ်၊
အားအင်ရှိသလောက်တိုက်ခိုက်သင့်ရင် တိုက်ခိုက်ရမယ်...တဲ့။



ဒါဆိုရင်...သည်းခံခြင်းကလမ်းတစ်ဖက်၊
တုန့်ပြန်ခြင်း၊ တိုက်ခိုက်ခြင်းကလမ်းတစ်ဖက်၊ ဘယ်လမ်းဖက်ကိုလိုက်သင့်သလဲ...။

သည်းခံခြင်းဆိုတာကိုယ့်စိတ်ရဲ့အလိုဆန္ဒကိုထိန်းချုပ်ပေးထားရတာပါ၊ နည်းနည်းတော့ ခက်ခဲတယ်။ တုန့်ပြန်ခြင်း၊
တိုက်ခိုက်ခြင်းက ကိုယ့်စိတ်ရဲ့ အလိုဆန္ဒအတိုင်းကိုယ်နှုတ် အမူအရာတွေကိုလွှတ်ပေးလိုက်တာပါ။ အရမ်းလွယ်ကူပါတယ်။

သည်းခံလို့ ခံလိုက်ရတယ်ဆိုပေမဲ့ ကိုယ့်အတွင်းစိတ်ထဲကဒေါသကိုတော့ အနိုင်ယူလိုက် နိုင်ပါတယ်။
တုန့်ပြန်သူတိုက်ခိုက်သူကတော့ ရှိပြီးသားဒေါသထက်အရေအတွက် ပိုပြီးတိုးသွားတယ်၊ ဒေါသပမာဏလည်း
ပိုကြီးသွားတယ်။ ကောင်းတဲ့စိတ်နေစိတ်ထားများ ဖြစ်ခွင့်မရှိပဲ ဒေါသ..ဆိုတဲ့ အရေအတွက်ပမာဏသာ ပိုများလာလို့ အဘိဓမ္မာဈေးကွက်သဘောနဲ့ပြောရရင် သူကရှုံးသွားမှာသေချာတယ်။

နောက်ပြီးတုန့်ပြန်မှုနိယာမသဘောအရ (တုန့်)..ရင်..ကိုယ့်ဖက်ကို ( ပြန်)လာတတ်တယ်။ တိုက်ခိုက်မှုနိယာမ
သဘောအရလည်း ကိုယ်က(တိုက်)..ရင် ပြန်ပြီး(ခိုက်)တတ်တယ်လေ..။
....ဆိုတော့ တစ်ဖက်ကသာ သည်းမခံဘူးဆိုရင် သေချာတာက အပြန်အလှန်အားပြိုင်မှုတွေ အများကြီးဆက်လက် ဆက်လက် ဖြစ်ပေါ်လာနိုင်တယ်။  အကယ်၍ တစ်ဖက်ကသာ သည်းခံခြင်းကို ကျင့်သုံးလိုက်ရင် သည်းခံခြင်းလမ်းစဉ်ဖက်က တစ်ဖက်ပဲ နစ်နာတယ်။ တုန့်ပြန်ခြင်းလမ်းစဉ်ကို ရွေးကြရင်တော့ နှစ်ဖက်စလုံးနစ်နာလိမ့်တယ်။

ပြန်လှန်တုန့်ပြန်တိုက်ခိုက်ခြင်းကို ကျင့်သုံးလိုက်လို့ အချို့သောပြဿနာများ ပြေလည်ကောင်းပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတိုင်းကိုတော့  တုန့်ပြန်တိုက်ခိုက်မှုကြောင့် ပြေလည်မသွားဘူးဆိုတာ သေချာပါတယ်။
တုန့်ပြန်တိုက်ခိုက်မှ ပြဿနာပြေလည်မယ်ထင်ရင်တော့ တုန့်ပြန်ခြင်းလမ်းကိုလိုက်ကြပေါ့။

သည်းခံခြင်းသဘောတရားဟာ သည်းခံ-ဆိုမှတော့ ခံရတဲ့ဘက်မှာရှိတာကတော့ သေချာတယ်။
ခံနိုင်ဖို့ကိုတော့ အားမွေးဖို့ လိုအပ်မယ်ထင်တယ်။ ဒေါသရဲ့အပြစ်ကို မြင်တတ်ရင်.. တုန့်ပြန်ခြင်းရဲ့ဆိုးကျိုးကို မြင်တတ်ရင်..သည်းခံခြင်းတရားကို ကျင့်သုံးဖို အားတွေဖြစ်လာ နိုင်ပါတယ်။ အရှုံးအမြတ်သဘောကို အနိုင်ယူလိုခြင်းလွှမ်းမိုးလိုခြင်းဆိုတဲ့လောကီပေတံနဲ့ တိုင်းတာကြလို့ တုန့်ပြန်တိုက်ခိုက်ကြတာပါ။ အပျက်အစီးနည်းနိုင်သမျှနည်းပါးခြင်းဆိုတဲ့ အဘိဓမ္မာပေတံနဲ့တိုင်းတာကြရင်တော့ သည်းခံခြင်းကို ရွှေးချယ်ကြရမှာပါ။

ဒီတော့....ဘယ်လမ်းကိုလိုက်ကြမလဲ။
သူတော်ကောင်းတွေကတော့ ကိုယ့်ဖက်သူ့ဖက်အကျိုးစီးပွားကိုကြည့်ပြီး ဆုံးရှုံးနစ်နာမှုနည်းနိုင်သမျှနည်းအောင်
သည်းခံခြင်းလမ်းကို ကျင့်သုံးလိုက်နာတာ..လို့...တွေးထင်မိပါတယ်။

ဦးထေရာသဘ

No comments:

Post a Comment