Wednesday, November 23, 2011

ဆရာမဲ့ ခရီးသွား



           အခုတော့ ဆရာကြီးနဲ့ဆရာတို့ ဘယ်ဘုံဌာန ရောက်နေကြပါလိမ့်။ 
ဦးဇင်းကို ခေတ်အမြင် ခေတ်အတွေးတွေနဲ့ ဗဟုသုတပညာမျာစွာ၊ အသိဥာဏ်ပညာများစွာကို ဆရာတို့ ပေးခဲ့ကြပါတယ်။ ဆရာကြီးဆိုတာက ပါမောက္ခဒေါက်တာခင်မောင်ဝင်းပါ။ ဆရာဆိုတာကတော့ ပါမောက္ခ ဒေါက်တာသိန်းဇံ(နန္ဒာသိန်းဇံ)ကို ရည်ရွယ်တာပါ။

ဆရာကြီးပါမောက္ခဒေါက်တာခင်မောင်ဝင်း(ဒဿနဗေဒ)




ပါမောက္ခဒေါက်တာသိန်းဇံ (နန္ဒာသိန်းဇံ)

                                                         (က)
          ဆရာကြီးက မိဘအရွယ်မို့ ဦးဇင်းအပေါ် ဖခင်တစ်ဦးလို အရာရာမှာစောင့်ရှောက်ပေးတယ်။
ဆရာကတော့ ဦးလေးအရွယ်ဆိုပေမဲ့ ညီရင်းလို တိုက်တိုက်တွန်းတွန်းနဲ့ ခွန်အားတွေ ပေးပြခဲ့တာပါ။
ဆရာကြီးဆုံးတော့ တပည့်တွေက ဆရာကြီး Park Royal Hotel မှာ ဟောပြောခဲ့တာကို အမှတ်တရ ဖော်ပြခဲ့ကြတယ်။  အဲဒါက
`ဘ၀မှာ..ပစ္စည်းဥစ္စာ ဆင်းရဲတာ၊ချမ်းသာတာ အရေးမကြီးဘူး။ ရာထူးကြီးတာ၊ သေးတာ အရေးမကြီးဘူး။ စိတ်ချမ်းမြေ့မှု ရှိဖို့ အရေးကြီးတယ်´တဲ့။ 


        ဆရာကြီးရဲ့ စဉ်းစားမြော်မြင်မှုဟာ ရုပ်ဝတ္ထုပိုင်းဖွံ့ဖြိုးတိုးတက်မှုထက် စိတ်ပိုင်းဆိုင်ရာ အေးငြိမ်းချမ်းမြေ့မှုကို အလေးထားတယ်ဆိုတာ ပေါ်လွင်နေတယ်။ အသက်အရွယ်အားဖြင့် (၈၀)ကျော်နေပြီမို့ တစ်ဘ၀လုံးနဲ့ ရင်းပြီး သိခဲ့တဲ့ အသိတရားဟာ တရားဓမ္မအလိုနဲ့လည်း လိုက်ဖက်ညီလွန်းလှပါတယ်။ တကယ်တော့ ပစ္စည်းဥစ္စာမရှိတာထက်စာရင် ချမ်းသာသာက ကောင်းတာပေါ့။ ရာထူးအဆင့်နိမ့်တာထက်စာရင် ရာထူး ကြီးတာက ပိုပြီးကောင်းတာပေါ့။ လောကမှာ ကောင်းပေ့ဆိုတာတွေက အများသား။ ရေတွက်လို့ မကုန်နိုင်အောင် များနေလို့ `အကောင်းမကုန်-အကုန်မကောင်း´ လို့တောင် သရော်စကားပြောကြားတာ ကြားဖူးရဲ့။ လောကသဘာဝအရ ချမ်းသာခြင်း၊ အဆင့်အတန်းမြင့်ခြင်းတို့ဟာ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ပစ္စည်းဥစ္စာချမ်းသာပြီး စိတ်ဆင်းရဲနေရသူတွေ လောကမှာ တစ်ပုံကြီးပါ။  ရာထူး အဆင့်အတန်း ကြီးမားနေသလောက် စိတ်ဆင်းရဲဒုက္ခရောက်နေရသူတွေကလည်း အများကြီးမဟုတ်လား။ ဒါတွေကို ဆရာကြီးရဲ့ စိတ်ထဲနှလုံးထဲမှာ ကောင်းကောင်းကြီး သတိပြုမိခဲ့ဟန် တူပါတယ်။ နောက်ပြီး ဆရာကြီးရဲ့ ဘ၀မှာ ပစ္စည်းဥစ္စာ အားဖြင့်လည်း တင့်တောင်းတင့်တယ် နေခဲ့ရတာပါ။ ရာထူးအားဖြင့်ဆိုရင်လည်း ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေးဝန်ကြီး၊ သံအမတ်ကြီးဆိုတဲ့ဘ၀မျိုးတွေနဲ့ အဆင့်မြင့်မြင့် နေခဲ့ရတာပါ။ ဒီတော့ မတောင့်မတ-ရာထူးမြင့်မြင့် ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရင်း ဘ၀ကို ဖြတ်သန်းခဲ့ရတာ ဆိုတော့ ဒါတွေဟာ ဘ၀မှာ အရေးကြီးသလား၊ အရေးမကြီးဘူးလားဆိုတာ ကောင်းကောင်း သဘောပေါက်မှာပါ။ ဒါတွေကိုထောက်ဆပြီး လောကမှာ ငွေတွေဂုဏ်တွေရှိနေဖို့ထက် စိတ်ချမ်းမြေ့မှုရှိဖို့က အရေးကြီးတယ်လို့ ရိုးရိုးလေးကောက်ချက်ချထားတာ ဖြစ်မှာပါ။
        စိတ်ချမ်းမြေ့မှုရှိဖို့ဆိုတာကလည်း အခက်သား။ ပစ္စည်းဥစ္စာဆိုတာ ရှာဖွေနိုင်မှရသလို စိတ်ချမ်းမြေ့မှု ဆိုတာကလည်း ရှာဖွေရတာပါပဲ။ ရာထူးသေးရာမှ ကြီးသည်ထက်ကြီးလာအောင် ကြိုးစားအားထုတ်ရသလို့ စိတ်ချမ်းမြေ့မှုဆိုတာကလည်း စိတ်ချမ်းမြေ့မှုရှိလာအောင် ကြိုးစားရတာပါပဲ။ သဘောသဘာဝအားဖြင့် တူသယောင်ရှိပေမယ့် ကျင့်ကြံအားထုတ်မှုပိုင်းမှာတော့ တော်တော့်ကို ကွဲပြားမှာပါ။ စဉ်းစားကြည့်ရင် ပစ္စည်း ရှာတယ်ဆိုတာ လိုချင်စိတ်နဲ့ ရှာရတာလေ။ ရာထူးကြီးချင်တာ တက်ချင်တာကလည်း အနည်းနဲ့ အများတော့ လိုချင်စိတ်နဲ့ကြိုးစားရတာပဲ မဟုတ်လား။ စိတ်ချမ်းမြေ့မှု မရှိရာကနေ ရှိလာအောင် လုပ်ဖို့ဆိုတာကြတော့ လောဘနည်းအောင်၊ ဒေါသကင်းအောင် နေတတ် ထိုင်တတ်မှ ဖြစ်မှာလေ။
         ဘ၀မှာ စိတ်ချမ်းမြေ့မှုရှိဖို့က အရေးကြီးတယ်ဆိုတော့ ဘာကြောင့်အရေးကြီးတာလဲလို့ ဆရာကြီးရဲ့ မေးတတ်တဲ့ ပုံစံအတိုင်း ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါတယ်။ အဖြေကတော့ ၀ိုးတ၀ါးပါပဲ။ အကယ်၍ ဆရာကြီး သက်ရှိထင်ရှား ရှိနေသေးရင်တော့ မေးကြည့်ရင် အဖြေသိမှာပါ။ အခု ဆရာကြီး မရှိတော့ ဆရာမပါဘဲ ခရီးသွားသလိုမျိုး ကိုယ့်ဖာသာကိုယ် စဉ်းစားပြီး အဖြေထုတ်ရမှာပေါ့။ 
           အဘိဓမ္မာသဘောအရ လူဟာ ရုပ်ပိုင်းနဲ့စိတ်(နာမ်)ပိုင်းနှစ်ခုကို ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ လူကို စိတ်ပိုင်းဆိုင်ရာက ဦးစီးဦးဆောင် ပြုနေတာပါ။ ချမ်းသာကြွယ်ဝမှုကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ သက်တောင့်သက်သာ ရှိပေမယ့် စိတ်ချမ်းမြေ့မှုမရှိဘူးဆိုရင် ထိုသူရဲ့ဘ၀ဟာ ရွှေဘုံပေါ်မှာစံနေရတဲ့ ဘီလူးသဖွယ်ပါပဲ။ ဒီလိုပါပဲ ရာထူးကြီးမားမှုကြောင့် အရာရာမှာ လက်ညိုးညွှန်ရာရေဖြစ်လောက်အောင် အမိန့်သြဇာညောင်းပေမယ့် စိတ်ချမ်းမြေ့မှုမရှိဘူးဆိုရင် သူရဲ့ဘ၀ဟာလည်း အဖော်ကွဲတဲ့ဥသြငှက်သဖွယ် ဖြစ်နေမှာပါပဲ။ အကယ်၍ စိတ်ချမ်းမြေ့မှုရှိနေမယ်ဆိုရင် သူ့ရဲ့ဘ၀မှာ ဆင်းတောင့်ဆင်းရဲဖြစ်နေပေမယ့် ရုပ်ခန္ဓာ (သို့မဟုတ်)ဥပဓိရုပ်ဟာ အလိုလို ကြည်လင်နေလိမ့်မယ်။ ရာထူးအားဖြင့် သေးသိမ်သော်လည်း စိတ်ချမ်းမြေ့မှု ရှိနေတယ်ဆိုရင် သက်သက်သာသာပေါ့ပေါ့ပါးပါးဖြင့် နေ့စဉ်ဘ၀ကို ကျော်ဖြတ်သွားနိုင်လိမ့်မယ်။ တကယ်တော့ ရုပ်ရည်အဆင်းကြည်လင်ခြင်းနဲ့ စိတ်လက်ပေါ့ပါးစွာဖြင့် နေ့စဉ်ဘ၀ကို ကျော်ဖြတ်သွား နိုင်ခြင်းဟာ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ရွှေဘုံပေါ်မှာစံနေရတဲ့ ဘီလူးလိုလူထက် မြင့်မြတ်နေသလိုပဲ။ အဖော်ကွဲလို့ ကြေကွဲနေတဲ့ ဥသြငှက်လိုလူထက်လည်း သာလွန်နေသလိုပါပဲ။ စိတ်ချမ်းမြေ့မှု ရှိနေတယ်ဆိုရင် ဒါနသီလဘာဝနာတရားတွေကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်ခွင့်ရှိနေတယ်။ ဒါကြောင့် စိတ်ချမ်းမြေ့မှုရှိဖို့က အရေးကြီးတယ်လို့ ဆရာကြီး ပြောကြားခဲ့တာ ဖြစ်လေမလားပဲ။
                                                         (ခ)
      ဆရာနန္ဒာသိန်းဇံနဲ့ ၁၃-နှစ်လောက် ဆက်စပ်ခဲ့တာဆိုတော့ အမှတ်တရဖြစ်စရာတွေကလည်း အများသား။ အဲဒီအထဲက သင်တန်းသားသံဃာတွေအကြား အပြောများတဲ့ အတ္တာ ဟိ အတ္တနော နာထော ကိစ္စကို ပြောချင်ပါတယ်။ ဆရာဆုံးပြီလို့ကြားတော့ ဆရာဓာတ်ပုံကို သင်တန်းပို့ချစဉ်က ဆရာပြောပြခဲ့တဲ့ စကားရပ်နဲ့ ယှဉ်တွဲဖော်ပြ ပေးလိုက်ကြတယ်။ ဆရာပြောခဲ့ဖူးတဲ့စကားက
`ကိုယ့်ရဲ့တကယ့်ခံစားမှုတွေဟာ သူတစ်ပါးကို ဝေမျှလို့ မရဘူး။ ဒါကြောင့် ဘုရားက အတ္တာ ဟိ အတ္တနော နာထော လို့ ဟောခဲ့တာ´တဲ့။
      ဒီစကားဟာ ဆရာကြီးဦးခင်မောင်ဝင်း ပြောပြခဲ့တဲ့ စိတ်ချမ်းမြေ့မှုရှိခြင်းနဲ့လည်း ပတ်သက်နေပါတယ်။ ၀ါကျအားဖြင့် ပထမ၀ါကျက `ကိုယ့်ရဲ့တကယ့်ခံစားမှုတွေဟာ သူတစ်ပါးကို ဝေမျှလို့ မရဘူး၊´ ဒုတိယ ၀ါကျက မြန်မာလိုပြန်လိုက်ရင် `မိမိသည်သာ မိမိ၏ကိုးကွယ်ရာ ဖြစ်သည်၊´ ဟု တွေ့နိုင်ပါတယ်။  သေသေချာချာလေ့လာကြည့်ရင် ၀ါကျနှစ်ခုကို `ဒါကြောင့် ဘုရားက´ဆိုတဲ့စကားနဲ့ ဆက်စပ်ပေးထားပေမယ့် အဓိပ္ပာယ်အားဖြင့် အဆက်အစပ်က နည်းနည်းဟနေသလို ထင်ရတယ်။ ဒါကလည်း စဉ်းစားစရာ တစ်ခုအဖြစ် စဉ်းစားဖြစ်အောင် နည်းနည်းဟထားတာ ဖြစ်မှာပါ။  ဆရာမရှိတော့တဲ့ ဒီအချိန်မှာ မေးလို့ မရဖြစ်နေတာမို့ ဆရာမရှိဘဲ ခရီးသွားသလို ကိုယ့်ဖာသာကိုယ် အဖြေထုတ်ကြည့်ရမှာပေါ့။ 
         တကယ်တော့ ကိုယ့်ရဲ့တကယ့်ခံစားမှုဆိုတာဟာ စိတ်ချမ်းမြေ့မှုရှိခြင်း၊ စိတ်ချမ်းမြေ့မှုမရှိခြင်းတို့နဲ့ သက်ဆိုင်နေပါတယ်။ ဆရာ့အလိုကျ မှန်းဆကြည့်ရတာတော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ စိတ်ချမ်းမြေ့မှုဆိုတာကို သူတစ်ပါးကို ရစေလိုတဲ့စိတ်ထားနဲ့ မျှဝေပေးလို့ မရနိုင်ဘူးပေါ့။ ဒီလိုပဲ ကိုယ်ခံစားနေရတဲ့  အမျိုးမျိုး အထွေထွေသော စိတ်မချမ်းမြေ့မှုဆိုတာကိုလည်း သူတစ်ပါးကို မျှဝေပေးလို့ မရနိုင်ဘူးလေ။ ကိုယ်ခံစားနေရတဲ့ မကောင်းတဲ့အတွေ့အကြုံကို သူတစ်ပါးကို ပြောပြလို့ ရချင်ရမယ်၊ ဝေမျှပေးလို့ကတော့  ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်ခံစားတွေ့ကြုံနေရတဲ့ စိတ်ချမ်းမြေ့မှုဆိုတာကိုလည်း သူတစ်ပါးကို ပြောပြလို့ ရချင်ရမယ်၊ ဝေမျှပေးလို့လည်း မဖြစ်နိုင်ဘူးလေ။ 
       ကိုယ်ခံစားနေရတာတွေကို သူတစ်ပါးကို ဝေမျှလို့မဖြစ်နိုင်သလို အပြန်အလှန်အားဖြင့် သူတစ်ပါးရဲ့ တကယ့်ခံစားမှုတွေကိုလည်း ကိုယ်က တစ်ဖန်ဝေမျှခံစားပေးလို့မရဘူး။  သူမကောင်းရင် သူပဲရင်ဆိုင်ရလိမ့်မယ်။ သူကောင်းရင် သူပဲ စံစားရလိမ့်မယ်။ ကိုယ်နဲ့ ဘာမှမသက်ဆိုင်ဘူးပေါ့။ ဝေမျှလို့လည်း မရနိုင်ဘူး။ ဒါဆိုရင် ကိုယ်ဖြစ်ရင် ကိုယ်ခံ၊ ကိုယ်ဖြစ်ရင် ကိုယ်စံ သဘောမျိုး ဖြစ်နေလိမ့်မယ်။ တစ်နည်းအားဖြင့် သူဖြစ်ရင် သူခံ၊ သူဖြစ်ရင် သူစံဆိုတဲ့သဘောမျိုး သက်ရောက်နေတယ် မဟုတ်လား။ ဒီိလိုဆိုရင် အတ္တာ ဟိ အတ္တနော နာထော = မိမိသည်သာ မိမိ၏ကိုးကွယ်ရာဖြစ်သည်-ဆိုတဲ့ ဒုတိယ၀ါကျနဲ့ ဆက်စပ်လို့ရသွားလောက်ပါတယ်။ ပြီးတော့ စိတ်ချမ်းမြေ့မှုရှိဖို့  သူတစ်ပါးထံက ဝေမျှယူဖို့ စိတ်မကူးဘဲ မိမိကိုယ်ကို မိမိ၏ကိုးကွယ်ရာပြုပြီးကြိုးစားအားထုတ်ရမယ်လို့ ပြောကြားနေကြသယောင်ပါပဲ။
                                                            (ဂ)
         ဆရာကြီးနဲ့ ဆရာတို့ မရှိတော့တဲ့အချိန်မှာ သူတို့ပြောခဲ့တဲ့စကားကို ကိုယ်မှန်းဆမိသလောက် ဆရာတို့ရဲ့ အကူအညီမပါဘဲ ပြန်စဉ်းစားကြည့်ထားတာဆိုတော့ သူတို့အာဘော်ကျ ဖြစ်ချင်မှဖြစ်မှာပါ။ ဆရာတို့ မပါဘဲ စဉ်းစားကြည့်ရတာဟာ အဖော်မဲ့ခရီးကို လျှောက်လှမ်းနေရသလိုပါပဲ။
       ပြန်စဉ်းစားလိုက်တိုင်း တကယ့်ကို အမှတ်တရပါပဲ။ ဆရာကြီးနဲ့ ဆုံတွေ့ချိန်က ၂၀၀၇-ခုနှစ်လောက်ကမှ စတာပါ။ တွေ့တွေ့ချင်းပဲ ဆရာဦးသိန်းဇံက  ဓမ္မပါရဂူဘွဲ့အတွက် သုတေသနလုပ်နည်းလုပ်ဟန်မှန်သမျှ သိချင်တာကို  ဆရာကြီးထံမှာ အားမနာတမ်းမေးဖို့ အခွင့်အရေးတွေ ပေးခဲ့တယ်။ ဦးဇင်းကလည်း အားမနာတမ်း မေးမြန်းရင်း သင်ယူခဲ့ရတာပါ။ ဆရာကြီးကလည်း မေးသမျှကို ဒီနည်းနဲ့ နားမလည်ရင် နောက်တစ်နည်းနဲ့ ရှင်းပြပေးတယ်။ မေးတာတွေ များလို့လား၊ ဆရာကြီးကိုယ်တိုင်က စိတ်ပါသွားလို့လား မသိဘူး နောက်ပိုင်းကာလတွေမှာ ဆရာကြီးက သာသနာ့တက္ကသိုလ်ထဲကို ကိုယ်တိုင်လာရောက် ပို့ချပေးတော့တာပါပဲ။ ပထမအသုတ် ဆရာတော်များကို ကြီးကြပ်ပေးပြီးနောက် ဦးဇင်းတို့ရဲ့ ဒုတိယအသုတ်  (၆)ပါးကို ကျမ်းခေါင်းစဉ်ကစပြီး သင်ကြားပို့ချ ပေးတော့တာပါပဲ။ အကြိုကျမ်း (Pre Dissertation) အတွက် ကျမ်းခေါင်းစဉ်တွေ အတည်ပြုပြီးတဲ့နောက် ဆရာကြီးက ဦးဇင်းရဲ့အကြိုကျမ်း (The law of Kamma and Liberation) ကို ကိုယ်တိုင်ကြီးကြပ်လိုတယ်လို့ ဆရာဦးသိန်းဇံမှတစ်ဆင့် ပြောပြတယ်။ ဒီကိစ္စကို ဆရာဦးသိန်းဇံလည်း အတော်လေးကို အံ့သြ၀မ်းသာ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကြီးက ကျမ်းကြီးကြပ်ရာမှာ သူဖက်ကနေစပြီး ဒီလိုမျိုး ပြောလေ့ပြောထ မရှိလို့ပါပဲ။
          တစ်ပတ်ကို တစ်ချိန်၊ တစ်ခါတရံ တစ်ပတ်ကို နှစ်ချိန် ဆရာကြီးက သာသနာ့တက္ကသိုလ်ထဲကို လာရောက် ပို့ချပေးတယ်။ ဦးဇင်းကိုတော့ ခုနစ်မိုင်ခွဲမှာရှိတဲ့ နေအိမ်ကို ကြွရောက်စေပြီး ကျမ်းနဲ့ပတ်သက်သမျှကို ခရေစေ့တွင်းကျ မေးတယ်။ အချောရေးပြီးသမျှကို စိစစ်တယ်။ အင်္ဂလိပ်လို ဘာသာပြန်ပေးတယ်။ ဘာသာပြန်ပြီး စာပိုဒ်ကို ချက်ချင်းဖတ်စေပြီး အဓိပ္ပာယ် အဆင်မပြေရင် ပြန်ပြောခိုင်းတယ်။ ထပ်ပြီး ဘာသာပြန်တယ်။ အင်္ဂလိပ်ဘာသာပြန်ထားတဲ့ စာမူကို တစ်ခါတရံ အမေရိကန်သူ Ketty  ကိုပြပြီး  စိစစ်ခိုင်းတယ်။ ဆရာကြီး ညောင်းလာရင် စာရေးစားပွဲခုံပေါ်မှာ တစ်တောင်ထောက်၊ လက်ဖ၀ါး နှစ်ဖက်နဲ့ မေးရိုးကိုထောက်ပြီး နှစ်မိနစ် သုံးမိနစ်လောက် ငြိမ်သက်ပြီး အနားယူလိုက်တယ်။ ဒါက အသက် ရှစ်ဆယ်အရွယ် ဆရာကြီးရဲ့ အနားယူတဲ့ ပုံစံပါပဲ။ တစ်ပတ်ကို လေးငါးရက်၊ နေ့ဆွမ်း စားပြီးတာနဲ့ ကော်ဖီအပြင်းစားကို သောက်၊ လက်ပ်တော့ဆွဲပြီး ပြေးရတော့တာပဲ။ ညနေ ငါးနာရီ ပတ်ဝန်းကျင်လောက် မှ ပြန်လွှတ်လေ့ရှိတယ်။ ရှစ်ဆယ်ကျော် ဆရာကြီးနဲ့ အလုပ်ပြိုင်လုပ်ရတာတောင် ကိုယ့်ဖက်က ကသီကလင် ဖြစ်တာများတယ်။ တော်သေးတာပေါ့၊ ဆရာကြီး အသက် ခြောက်ဆယ်ကျော်ကျော် လောက်ကသာ တွေ့လိုက်ရလို့များတော့ ခါးမှာ သင်္ကန်းတောင် ကပ်နှိုင်မယ် မထင်ဘူး။ ဒီလိုနဲ့ ဘွဲ့ကြိုကျမ်း အတွက် မြန်မာတစ်မူ၊ အင်္ဂလိပ်ဘာသာပြန်တစ်မူ ပြီးသွားခဲ့တယ်။ ပြီးသွားတဲ့နောက်နေ့မှာပဲ ကျမ်းကို ပုံစံချ၊ ထည့်သွင်းမယ့် အခန်းတွေမှာ ပါဝင်တဲ့အကြောင်းအရာတွေကို စိစစ်မေးမြန်းတယ်။  ပြန်လည်ပြင်ဆင်သင့်တာကို ပြုလုပ်ပြီး Two Types of Liberation from Determination of Kammic Forces ဆိုတဲ့ခေါင်းစဉ်ကို ကျေနပ်တာနဲ့ ကျမ်းကြီးကို ဆက်ပြီး ရေးခိုင်းတော့တာပါပဲ။
        ၂၀၁၁-ခုနှစ်ရဲ့ ဇန်န၀ါရီလ(၉)ရက် တနင်္ဂနွေနေ့မှာ ဆရာကြီး ကွယ်လွန်ခဲ့တယ်။ အခြားပုဂ္ဂိုလ်တွေ အတွက်တော့ မသိဘူး။ ဦးဇင်းအတွက်ကတော့ ညာလက်တစ်ဖက် ပြုတ်သွားသလို ခံစားလိုက်ရပါတယ်။ ပါရဂူဘွဲ့ယူကျမ်းအတွက် ဘယ်လိုခရီးဆက်ရမလဲဆိုတာ ပြီးစီးလုနီးပါး စီမံထားပေးခဲ့တယ်။ ကျမ်းနဲ့ ပတ်သက်လာရင် အခက်အခဲ ပေါင်းများစွာကို မူအားဖြင့် ကျော်လွန်ထားခဲ့ပေမယ့် တကယ့်ကျမ်းပြီးဖို့က ရာခိုင်နှုန်း ၄၀-လောက် ကျန်နေသေးတယ် မဟုတ်လား။ နောက်ပြီး သုတေသနကျမ်းပြုစုနည်းနဲ့ ပတ်သက်လာရင် ဆရာကြီးထံမှာ သင်ယူစရာ လေ့လာစရာတွေ အများကြီး ကျန်နေသေးတယ်လေ။ ဘာပဲပြောပြော ဆရာကြီးမပါဘဲ ကျမ်းကို ဆက်ရေးရတော့မှာပါ။ ဆရာကြီးမရှိတော့ပေမယ့်  ဆရာကြီး ဖြည့်စွက် တင်ပြထားတဲ့ ဓမ္မပါရဂူကျမ်းပြုလက်စွဲကို အမှီသဟဲပြုပြီး ခရီးဆက်ရတော့မှာပါ။
                                                               (ဃ)
        ဆရာကြီးမရှိတော့တဲ့ အခြေအနေမှာ ဆရာဦးသိန်းဇံက အားပေးရင်း ဆရာ့စိတ်ကြိုက်ပုံစံတွေနဲ့ ကျမ်းကို ပြည့်စုံသည်ထက် ပြည့်စုံအောင် ထပ်မံဖြည့်စွက်ပေးပါတယ်။ ကျမ်းပုံစံကို ဆရာကြီးက အင်္ဂါရပ်နဲ့ပြည့်စုံဖို့ အဓိကထားတယ်။ ဆရာကတော့ အနှစ်သာရ ပြည့်ဝသည်ထက် ပြည့်ဝစေဖို့ ရှုထောင့်ပေါင်းစုံက ချဉ်းကပ်တာကို ဦးစားပေးတယ်။ ဒီတော့ ပြုပြင်ပြောင်းလဲသင့်တာကို လိုအပ်သလို လုပ်ရတော့တာပေါ့။ မဟာဓမ္မာစရိယ ဘွဲ့ယူကျမ်း ရေးသားစဉ်က ဆရာက Supervisor အဖြစ်လုပ်ပေးခဲ့တာဆိုတော့ ဆရာဖြစ်ချင်တာကို သဘောပေါက်တယ်။ ကိုယ်ဖြစ်ချင်တဲ့ပုံစံ စိတ်ကူးပေါ်လာရင် ရှင်းလင်း တင်ပြလို့ရတယ်။ စာရေးနေရင်း အခက်အခဲ ရှိလာရင် ချက်ခြင်း ဖုန်းဆက်မေးလို့ ရတယ်။ မြန်နိုင်သမျှ အမြန်ဆုံး ရေးသားတင်ပြဖို့ ဆရာက တိုက်တိုက် တွန်းတွန်း လုပ်တယ်။ စိတ်ရင်းစေတနာရင်းနဲ့ ဆရာက မခြွင်းမချန် နည်းပေးလမ်းပြ ပြုလုပ်ပေးပါတယ်။ သီတင်းသုံးဖော်တွေကတောင် ပြောကြတယ်။ ရဟန်းတွေထဲမှာ ဆရာ့ထံက ပညာအမွေ အများဆုံးရလိုက်သူက ဦးဇင်းဖြစ်တယ်လို့ မှတ်ချက်ပြုကြတယ်။ ကိုယ့်ကိုယ်ကိုလည်း အဲဒီလိုမျိုး ယုံကြည်ထားခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ဆရာ့ထံက သင်ယူစရာတွေလည်း များမှများ၊ တွေးတတ်ခေါ်တတ်ဖို့ရာလည်း ပညာသင် အဆင့်သာရှိတာမို့ `အများဆုံးရလိုက်သူ´ ဆိုတဲ့ အသုံးအနှုန်းက ဒေါသသင့်စရာ ဖြစ်နေမှာပါ။
       လှေလှော်ရင်း တက်ကျိုးဆိုသလို ၂၀၁၁-ခုနှစ်ရဲ့ သြဂုတ်လ ၁၄ ရက်၊ တနင်္ဂနွေနေ့မှာ ဆရာဦးသိန်းဇံ ကွယ်လွန်ခဲ့တယ်။ ဆရာ စောစောစီးစီး လူ့လောကက ထွက်ခွာသွားလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။ အသက်က ၆၄နှစ်ပဲ ရှိသေးတယ်လေ။ ဆရာကြီး ဦးခင်မောင်ဝင်း မရှိတဲ့နောက် ဆရာ့ကြီးကြပ်မှုနဲ့ ကျမ်းကို ခရီးဆက်ခဲ့တာ ခုနစ်လလောက်ပဲ ရှိသေးတာပါ။ အခု ဆရာကွယ်လွန်ပြီဆိုတော့ ဘယ်လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားသလို ခံစားမိတယ်။ တကယ့်ကို အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုပါပဲ။ ဆရာကြီး ဦးခင်မောင်ဝင်း ဟူသော ညာလက်၊ ဆရာဦးသိန်းဇံ ဟူသော ဘယ်လက်၊ လက်နှစ်ဖက် ကင်းမဲ့သွားသလို ခံစားလိုက်ရပါတယ်။ အတောင်ကျွတ်သွားတဲ့ ငှက်ပမာ ဟာတာတာကြီးကို ဖြစ်သွားခဲ့တာပါ။ ခိုင်လှပါတယ်ဆိုတဲ့ ဦးဇင်းစိတ်အစဉ်ဟာ ပူလောင်မှုသောကတွေနဲ့ ပြည့်လျှမ်းလို့ပါပဲ။ ဆရာမရှိတဲ့လမ်း ဘယ်လို လျှောက်ရမလဲ။ ဆရာမရှိတဲ့ကျမ်း ဘယ်လို ရေးရပါ့မလဲ။ ဆရာတို့ ပုံစံချထားတဲ့ ဓမ္မပါရဂူကျောင်းတိုက်ကို ဘယ်လို အသက်သွင်းရပါ့မလဲ။
      ဓမ္မပါရဂူဘွဲ့ရဖို့ ရှည်လျားလှတဲ့ ခရီးလမ်းကို လျှောက်လှမ်းရဦးမှာပါ။ ဆရာတို့ မပါတဲ့လမ်းကို လျှောက်နေရတာ ပြဿနာရှာသူ မရှိလို့ စိုပြေမှု မရှိပါဘူး။ ဆရာတို့ မရှိတော့ပဲ ဒီကျမ်းကို ဆက်ရေးနေရတာဟာ အထာကျကျ စိစစ်မေးမြန်းသူ ကင်းမဲ့နေသမို့ ခါတိုင်းလို အသက်မ၀င်လှပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလမ်းခရီးကို အဆုံးထိရောက်အောင် တတ်သိနားလည်သူ အခြားဆရာများအထံမှာ နည်းခံရင်း ဆက်ပြီးတော့ လျှောက်နေရဦးမှာပါ။ ဓမ္မပါရဂူကျောင်းတိုက် ကိုလည်း ဆရာတို့အလိုကျ ပုံပေါ်လာအောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဖန်တီးကြည့်နေမှာပါ။ ဒါပေမယ့် ဆရာတို့ မပါတဲ့ ဒီခရီးလမ်းကို လျှောက်လှမ်း နေရတာဟာ ဦးဇင်းအတွက် အေးစက်စက်နိုင်လွန်းလှပါတယ်။
      ကိုယ့်ရဲ့တကယ့်ခံစားမှုတွေဟာ သူတစ်ပါးကို ဝေမျှလို့ မရဘူးဆိုတာ ဟုတ်တယ်ဆရာ။ ဆရာကြီး ပြောခဲ့သလို ဘ၀မှာ စိတ်ချမ်းမြေ့မှုရှိဖိုပဲ အရေးကြီးတယ် ဆိုတာကို လက်ဆုပ်လက်ကိုင်ပြုပြီး အတ္တာ ဟိ အတ္တနော နာထော ဆိုတဲ့ ဓမ္မလမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်သမျှ လျှောက်လှမ်းရင်း အားခဲနေပါ့မယ်။

ဦးထေရာသဘ

No comments:

Post a Comment