Thursday, November 10, 2011

အေးကထိန်..လား? မေးကထိန်.လား.?

ချမ်းသာတဲ့အသိုင်းအ၀ိုင်းက ဆည်းကပ်တော့လဲ ချမ်းသာကြတာပေါ့။ ဆင်းရဲ့တဲ့အသိုင်းအ၀ိုင်းက ဆည်းကပ်တော့လဲ ဒီလိုပဲပေါ့။ ကထိန်ရာသီမှာ နောက်ဆုံးရက်(တန်ဆောင်မုန်းလပြည့်နေ့)တိုင်အောင် ကထိန်မဖြစ်တဲ့ကျောင်းတွေက ရှိသေးတယ်။ ဒီလိုကျောင်းတွေကို ကထိန်လုပ်ဖြစ်အောင် လိုက်ရှာရတာလဲ အတွေ့အကြုံသစ်တွေ အများကြီးရပါတယ်။

အရင်နှစ်တွေတုန်းက ပုလဲမြို့သစ်ဖက်ကို သွားလေ့ရှိပါတယ်။ ဒီနှစ်တော့ မှော်ဘီမြို့နယ်ထဲက ပိန္နဲကုန်းရွာနဲ့ နောက်တရွာ(နာမည်မေ့သွားပြီ)ထဲမှာ ရှိတဲ့ ကျောင်းအချို့ကို သွားဖြစ်ပါတယ်။ စုစုပေါင်း ၈ ကျောင်း ကထိန် မခင်းရသေးလို့ ကထိန်အာနိသင်ရအောင် ကထိန်သင်္ကန်း လှူဒါန်းခဲ့ကြပါတယ်။


အောက်ပြည်အောက်ရွာမှာတော့ အေးကထိန်.လို့ ခေါ်တယ်။ တချို့ကလည်း မိုးကျကထိန်လို့လည်း ခေါ်ကြသေးတယ်။
ကထိန်မှန်သမျှက အားလုံး မိုးကျကထိန်ချည်းပါပဲ။ ထူးထူးခြားခြား ဘာမှလည်း မလုပ်လို့ အေးကထိန်လို့ခေါ်တာက ပိုပြီးသဘာဝကျသလိုရှိတယ်။ ဒါပေမဲ့ ကထိန်မဖြစ်တဲ့ကျောင်းကို ရှာရတာတော့ လွယ်မယ်မထင်လိုက်ပါနဲ့။ လမ်းဆုံလမ်းဂွနားမှာ ကွမ်းယာဆိုင်တွေ့ရင် ဆင်းမေး၊ ဆိုက်ကားသမားတွေ့ရင် စုံစမ်း ဟိုလမ်းဝင် ဒီလမ်းထွက်၊ လိုက်ပြတဲ့သူရှိရင် မဆိုးဘူး။ မရှိရင်တော့ သိပ်မလွယ်ဘူး။ မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်..ဆိုတဲ့ မောင်ပေါက်ကျိုင်း ရာဇ၀င်စကားကို အကိုးအကားပြုပြီးသွားတော့ မေးပါများ ..စကားရတာပေါ့(မမေးရင်တော့ မရဘူး။ ရှက်နေလို့ မဖြစ်၊ တွန့်နေလို့ မဖြစ်။ ကထိန်မဖြစ်တဲ့ကျောင်းကိုလိုက်ရှာရတာ ပါးစပ်မရှက်တတ်မှ ရတယ်)။ ညွန်ပြတဲ့နေရာတွေကို သွားရင်း ကထိန်မဖြစ်တဲ့ကျောင်းတွေ ရောက်တာပေါ့ (ခရီးတော့ရောက်ပါတယ် ဆီကုန်၊ ဖုန်တက်..ကားရှိုးပျက်တာတော့ ရှိတာပေါ့နော်)။ တချို့ကျောင်းတွေဆိုရင် ကားလမ်းနဲ့သွားလို့မရတော့ ကားကို တနေရာမှာထားပြီး ဆိုင်ကယ်နဲ့သွားရသေးတယ်။ ကျောင်းတစ်ကျောင်းဆိုရင် တခါမှ ကထိန်အာနိသင်ဆိုတာ မရဖူးသေးဘူး..တဲ့။ အော်...ဘာပြောရမှန်းမသိအောင် ပီတိဖြစ်ခဲ့ပါတယ်။

ကထိန်ဆိုတာ ဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြလို့ ကထိန်လို့ခေါ်တာ။ ဘာဖြစ်လို့ ချီးမွမ်းရတာလဲ။
လှူရင် လှူတဲ့လူက သံဃိကလှူတော့ အကျိုးကြီး-ကြီး ရတယ်လေ။ ဒါက ပုံမှန်ပေါ့။ လှူရင် လှူတဲ့လူက အကျိုးရတယ်။
တခြားဟာလှူရင်လည်း အကျိုးရတာပဲ မဟုတ်လား။ သူတော်ကောင်းတွေ ဘာကြောင့် ချီးမွမ်းရတာလဲ။
ကထိန်သင်္ကန်း အလှူခံတဲ့ သံဃာတွေမှာ ကထိန်သင်္ကန်းအလှူခံရင် သင်္ကန်းလည်း ရတယ်။ အဲဒီ သင်္ကန်းနဲ့ ကထိန်ခင်းရင် ကထိန်အာနိသင် ငါးပါးလည်း ရတယ်။ လှူတဲ့လူက သံဃိကကုသိုလ်ပဲရတာ။ ကထိန်အာနိသင်ငါးပါး ရသွားတာက ရဟန်းတွေဖြစ်နေတယ်။ (ဆွမ်းလှူရင် လှူတဲ့လူက ဆွမ်းအကျိုးငါးမျိုးရတယ်၊ ရဟန်းက ဆွမ်းပဲစားရတယ်။ ကထိန်ကျတော့  လှူတဲ့လူက စီဝရဒါန သံဃိကကုသိုလ်ပဲ ရတယ်။ ကထိန်သင်္ကန်းကို ရလိုက်သည့်အပြင် ကထိန်အကျိုးငါးမျိုးကို ရသွားတာက ရဟန်းတွေ ဖြစ်နေတယ်)။ ဒါကြောင့်များ သူတော်ကောင်းတွေက ကထိန်ကို ချီးမွမ်းကြတာ ဖြစ်လေမလားပဲ။ ဘာပဲဖြစ်ဖြစ် ကထိန်ရာသီရဲ့နောက်ဆုံးနေ့မှာ ချောင်ချိုဂျောင်ခြား လျှောက်သွားပြီး အကြောင်းကြောင်းကြောင့် ကထိန်မခင်းဖြစ်တဲ့ကျောင်းတွေကို ကထိန်ခင်းဖြစ်အောင် ကမန်းကတန်း မေးမြန်းလိုက်ရှာပြီး လှူလိုက်ကြတာဖြစ်လို့ အေးကထိန်လို့ ခေါ်မည့်အစား မေးကထိန်လို့တောင် တင်စားလိုက်ချင်လေရဲ့....။
ဦးထေရာသဘ

No comments:

Post a Comment